ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာအနွယ်ဝင်များ လယ်မြေ အလုခံရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်း၊ ခါကာဆိုးရီးခရိုင်က လူနည်းစု ဗုဒ္ဓဘာသာဝင် မရာမာ လူမျိုးစုတွေဆီကနေ လူများစု ဘင်္ဂါလီ လူမျိုးတွေက အခုလ ၁၇ ရက်နေ့က အကြမ်းဖက် လုယက်ခဲ့တဲ့ စိုက်ပျိုးမြေတွေကို အခုအခါ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ခေတ္တ ထိန်းသိမ်းထားလိုက်ပြီလို့ သိရပါတယ်။
-
2011-04-22 -
-
-
သက်ဆိုင်ရာက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပြီးမှ စိုက်ပျိုးမြေတွေကို အမှန်တကယ် ပိုင်ဆိုင်သူတွေကို ပြန်ပေးမယ်လို့ ပြောပါတယ်။
စစ်တကောင်း တောင်တန်းပေါ်ရှိ မာရမာလူမျိုးတွေ နေထိုင်ရာ ကျေးရွာတွေက စိုက်ပျိုးမြေတချို့ကို ဘင်္ဂါလီ လူမျိုးတွေက အတင်း ဝင်ရောက် နေအိမ်တွေ ဆောက်လုပ်ခဲ့လို့ ပဋိပက္ခ ဖြစ်ပွားပြီး လူတချို့ သေဆုံးကာ မာရမာ ကျေးရွာ ၄ ရွာလည်း မီးရှို့ခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူနည်းစုတွေရဲ့ မြေယာပိုင်ဆိုင်မှုကို အစိုးရက အာမ,ခံထားတာ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်လူမျိုး ဦးချစ်မောင်က ပြောပါတယ်။
“မီးရှို့ခံရလို့ မရာမာ လူမျိုးတွေရဲ့ အိမ်ခြေ သုံးရာလောက် မီးလောင်သွားတယ်လို့ သိရတယ်။ လေးယောက် သေတယ်။ အခုတော့ အစိုးရက အဲဒီနေရာကို ဘယ်သူမှ မဆင်းရဘူးလို့ တားမြစ်ထားတယ်။ မီးရှို့ခံရတဲ့ သူတွေကိုလည်း အစိုးရက ထောက်ပံ့ကြေးပေးတယ်။ စုံစမ်းရေးကော်မရှင်တခု လုပ်ထားတယ်။ ကော်မရှင်က သက်ဆိုင်ရာကို အစီရင်ခံရမယ်၊ ဘယ်သူ လွန်တယ် မလွန်ဘူးဆိုတာကို။ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အခုထိ အကောင်အထည်ဖော်တာ မရှိသေးဘူး”
မြေ အလုခံရတဲ့ မာရမာ လူမျိုးတွေဟာ ဗမာလူမျိုးတွေ ဖြစ်တယ်ဆိုပြီး သူတို့နေထိုင်ရာ ဘန်ဒါရာဘန်ခရိုင်ကို ၁၉၉၁ ခုနှစ်မှာ အဲဒီအချိန်က နဝတ စစ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေဖြစ်ကြတဲ့ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ထွန်းကြည် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော် တို့ သွားရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် မာရမာ လူမျိုးတွေကိုလည်း နယ်စပ်က တဆင့် မြန်မာပြည်တွင်းကို ဖိတ်ခေါ်ပြီး ဘုရားဖူး လှည့်လည် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။