မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ယာယီပြတ်တောက်
တရုတ်ဝန်ထမ်းတစ်ဦးဆီက Covid-19 ရောဂါပိုးတွေ့တာကြောင့် မြန်မာ - တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ဒီကနေ့ မတ်လ ၂၅ ရက် မနက်မှာ ယာယီ ပိတ်လိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွေ ယာယီပြတ်တောက် သွားတယ်လို့ မူဆယ် နယ်စပ်ကုန်သည်တွေက RFA ကို ပြောပါတယ်။
- 2022-03-25
-
-
-
တရုတ်ဝန်ထမ်းတစ်ဦးဆီက Covid-19 ရောဂါပိုးတွေ့တာကြောင့် မြန်မာ - တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ဒီကနေ့ မတ်လ ၂၅ ရက် မနက်မှာ ယာယီ ပိတ်လိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုတွေ ယာယီပြတ်တောက် သွားတယ်လို့ မူဆယ် နယ်စပ်ကုန်သည်တွေက RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်း မူဆယ်မြို့နယ်က ကျင်စန်းကျော့ဂိတ်၊ မန့်ဝိန်းဂိတ်၊ ပန်ဆိုင်းဂိတ်၊ ကိုးကန့်ဒေသက ချင်းရွှေဟော်ဂိတ်နဲ့ ရန်လုံးကျိုင်း ဂိတ်တွေကနေ နှစ်နိုင်ငံကုန်သွယ်မှုကို အဓိက ပြုလုပ်နေတာပါ။
တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ကျန်တဲ့ဂိတ်တွေကို ယာယီပိတ်ထားပြီး ကျင်စန်းကျော့ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာပါ။ ဒီကနေ့မှာ ကျင်စန်းကျော့ဂိတ်ကို ထပ်မံပိတ်လိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ အားလုံး ပိတ်သွားတာဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ဒါ့ကြောင့် တရုတ်ကို ပို့မယ့် ဖရဲ၊ သခွား စတဲ့ အသီးတင်တဲ့ ၂၂ ဘီးကုန်ကားအစီးရေ နှစ်ရာလောက် နယ်စပ်မှာ ပိတ်နေပြီး တခြားကုန်တင်ကားတွေလည်း ရာနဲ့ချီပြီး ပိတ်နေပါတယ်။ တရုတ်ဘက်က ကျန်းမာရေး စိစစ်တာတွေလုပ်နေတဲ့အတွက် ဒီရက်ပိုင်းမှာ ပြန်ဖွင့်မယ်လို့ မျှော်လင့်ရတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းက ပြောပါတယ်။
မတ်လ ၁၅ရက်ကလည်း မြန်မာပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ငရုတ်သီးစိမ်း၊ အအေးခန်း စနစ်နဲ့ သယ်ဆောင်ရတဲ့ကုန်စည် (Good Shipped in the Cold Chain)၊ အေးခဲလတ် ဆတ် အေးခဲကုန်စည်၊ ရေထွက်ကုန်စည်၊ နေ့စဉ်သုံး ကုန်ပစ္စည်း နဲ့ ထုပ်ပိုး လွယ်ကူတဲ့ စားသုံးကုန်တွေ တင်ပို့မှုကို တရုတ်ဘက်က ယာယီကန့်သတ်ထားပါတယ်။
၂၀၂၀ ခုနှစ် နောက်ပိုင်း တရုတ်အစိုးရဲ့ ကန့်သတ်မှုတွေကြောင့် မြန်မာနယ်စပ် ကုန်သွယ် ရေး စခန်းကနေ ကုန်သွယ်မှုတန်ဖိုးတွေ လျော့ကျခဲ့ပါတယ်။ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းတွေအရ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ နယ်စပ်ကုန်သွယ်ရေးကနေ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၄၆၈. ၄၁၂ ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၁၂၆.၉၆၃ သာ ရှိခဲ့တဲ့အတွက် ယခင် နှစ်တွေထက် ကုန်သွယ်မှု ပမာဏ ထက်ဝက် နီးပါး လျော့နည်းခဲ့ တာကို တွေ့ရပါတယ်။