လက်နက်ကြီးကြောင့် ကျောက်ကြီးမှာ နေအိမ် လေးဆယ်နီးပါး ပျက်စီး

ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာ လက်နက်ကြီးတွေကြောင့် နေအိမ် ၃၉ လုံး ပျက်စီးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကရင် အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကြီးကျရောက်ခဲ့သည့် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ မီးလောင်ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က KNU မှ ထုတ်ပြန်ထားစဥ်။ KNU

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာ လက်နက်ကြီးတွေကြောင့် နေအိမ် ၃၉ လုံး ပျက်စီးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကရင် အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၄ ရက်အထိ လေးရက်အတွင်း လက်နက်ကြီး အလုံးတစ်ရာကျော် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လက်နက်ကြီးကျည်တွေကို ခြေမြန်တပ်ရင်း ခမရ - ၃၀၇ နဲ့ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ - ၂၆၄ တို့က ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နတ်သံကွင်း မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာထဲက နေအိမ်ကနေ ရှောင်ခဲ့တာ။ နေ့စဉ် နေ့တိုင်းကို လက်နက်ကြီးပစ်နေတော့ မနေရဲတော့ဘူးလေ။ အရင်ကမပြေးဘဲ အိမ်မှာနေဖို့ ကြိုးစားပေမယ့် ညစာစားနေတုန်း ထမင်းဝိုင်းထဲ လက်နက်ကြီးကျလို့သေတာ၊ ညအိပ်နေတုန်း လက်နက်ကြီးကျလို့ သေတာ၊ ဒါတွေများလာလို့ မနေရဲတေ့ာဘဲ ထွက်ပြေးရတော့တာ၊ အခုဆို ပြန်စရာအိမ်ပါ မရှိတော့ဘူး။ မီးလောင်ကုန်ပြီလေ”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ရေးပဋိပက္ခအတွင်း မီးလောက်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar ရဲ့ စာရင်းအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်ကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org