ကျောက်တော်မြို့နယ်မှာ မီးရှို့မှုဆက်လက်ဖြစ်ပွား

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့ တောင်ဘက် မိုင်(၂၀) အကွာက အိမ်ခြေ (၁၅၀) ခန့်ရှိတဲ့ အင်ဘာရီရွာမှာ ဒီကနေ့ မနက် (၁၁) နာရီလောက်က နေအိမ်မီးရှို့မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နေအိမ် (၁၀၀) ကျော်ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့ပေါ်မှာ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်တယ်လို့ မြို့ခံတစ်ဦးဖြစ်တဲ့ ဦးထွန်းဝင်းက RFA ကိုပြောပါတယ်။

"အခု အခြေအနေကတော့ ဟိုဘက် ဒီဘက် အခြေအနေ နည်းနည်းတင်းမာနေတဲ့ သဘောရှိတယ်။ အခြေအနေကတော့ စိတ်ချရတဲ့ အနေအထား မဟုတ်ဘူး။ မြို့ပေါ်မှာတော့ ဈေးဆိုင်တွေက ပုံမှန်အတိုင်းပဲ။ ကျောင်းတွေ အခြေအနေကတော့ ကျောင်းပိတ်ထားတာ မဟုတ်ဘူးဆိုပေမဲ့ ဒီ လုံခြုံရေး အခြေအနေအရတော့ လက်ရှိ လူတွေက စိုးရိမ်နေရတဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် မိဘတွေက ကျောင်းမသွားခိုင်းဘူးပေါ့လေ။ အိမ်မှာပဲ နေကြတာများတယ်။ ကျောင်းကတော့ မတက်ကြ ဘူးပေါ့။ ကလေးတွေ တော်တော်များများကတော့"

သြဂုတ်လ (၅) ရက်နေ့က ကျောက်တော်မြို့နယ် ဂုတ်ဘီထောင့် ကျေးရွာကနေ စတင်ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် ဒီကနေ့အချိန်ထိ နေအိမ်ပေါင်း (၂၀၀) ခန့် မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ အခု နောက်ဆုံး အဖြစ်အပျက်မှာ အစိုးရက လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုပေမယ့် ဒေသခံ တစ်ဦးကတော့ အဲဒီနေ့က အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း RFA ကိုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org