ကျောက်တော်မှာ လက်နက်ကြီးကြောင့် မိသားစု၀င်သုံးဦး သေဆုံး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီစိရွာမှာ အောက်တိုဘာလ ၃၁ ရက် မနေ့ညက နေအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ဈတာကြောင့် မိသားစု၀င်သုံးဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-11-01
-
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီစိရွာမှာ အောက်တိုဘာလ ၃၁ ရက် မနေ့ညက နေအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ဈတာကြောင့် မိသားစု၀င်သုံးဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
သေဆုံးသွားသူတွေကတော့ ပီစိရွာက ဦးစိုးဝင်း၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဝေနဲ့ သမီးဖြစ်သူ အသက် (၁၃) နှစ်အရွယ် မဖြိုးဖြိုးဝေတို့ဖြစ်ပြီး နေအိမ်ထဲမှာ အိပ်နေချိန် ထိခိုက် သေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စကခ (၉) ကနေ ည ၁၁ နာရီလောက်ကတည်းက လက်နက်ကြီးတွေ ဆက်တိုက် ပစ်နေတာ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ရွာထဲကို လက်နက်ကြီး ငါးလုံးကျတယ်။ တတိယမြောက်အလုံးက သူတို့အိမ်ကိုကျတာပါ။ အဲဒီမှာ သူတို့ သားဖသုံးယောက် အိပ်နေရင်း ပွဲချင်းပြီး သေဆုံးသွားတာပါ။ တခြားရွာထဲမှာ နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်”
လက်ရှိမှာတော့ အဲဒီအလောင်းတွေကို ကျောက်တော်ဆေးရုံက ရင်ခွဲရုံထံ ပို့ဆောင် ထားတယ်လို့လည်း ဆိုပါတယ်။
ပီစိရွာဟာ ကျောက်တော်မြို့ရဲ့ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာမှာရှိပြီး အိမ်ခြေ ၃၀ လောက်သာ ရှိပါတယ်။
ရွာခံတွေကတော့ မနေ့ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ရွာထဲကို နောက်ထပ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှာ စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။
ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေကလည်း အဲဒီ စကခ (၉) က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နဂရာရွာက အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ရွာသားငါးဦး ဒဏ်ရာရခဲ့ပါတယ်။
လက်နက်ကြီးကြောင့် ပီစိရွာက မိသားစုသုံးဦး သေဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်တာ သုံးလကျော်ရှိနေပြီး ဒေသခံတွေ သေဆုံးမှုလည်း နေ့စဉ် တိုးလာနေပါတယ်။
RFA ကသီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ အခုတစ်ကျော့ပြန်တိုက်ပွဲ သြဂုတ်လ ၂ ရက်နေ့ ကနေ ဒီကနေ့အထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မှာ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ဒေသခံ ၁၈ ဦးသေဆုံးပြီး ၆၂ ဦး ဒဏ်ရာရခဲ့ပါတယ်။