ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဒေသခံတွေကန့်ကွက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံက အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ဒေသခံ ရေလုပ်သားတွေကို ထိခိုက်စေနိုင်တဲ့အတွက် အဲဒီစီမံကိန်းကို အလိုမရှိကြောင်း ဒေသခံတွေက အောက်တိုဘာလ ၂၇ ရက် မနေ့က ကန့်ကွက်ခဲ့ကြပါတယ်။

ကျောက်ဖြူမြို့နယ်မှာရှိသည့် သံဇစ်မြစ်မှာ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံတွေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြကြစဉ်။ Photo: Citizen Journalist

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံက အကောင်အထည်ဖော် လုပ်ဆောင် နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ဒေသခံ ရေလုပ်သားတွေကို ထိခိုက် စေနိုင်တဲ့အတွက် အဲဒီစီမံကိန်းကို အလိုမရှိကြောင်း ဒေသခံတွေက အောက်တိုဘာလ ၂၇ ရက် မနေ့က ကန့်ကွက်ခဲ့ကြပါတယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာ သံဇစ်မြစ်မှာရှိတဲ့ မဒေးကျွန်းမှာ စီမံကိန်းကို အလိုမရှိကြောင်းနဲ့ ချက်ချင်း ရပ်ဖို့အပါအဝင် ဒေသခံတွေကို လေးစားဖို့စတဲ့ ဆိုင်းဘုတ်တွေကို ချိတ်ဆွဲပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်ထုတ်ခဲ့ ကြတာပါ။

ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ဒေသခံ ရေလုပ်သားတွေအတွက် ခက်ခဲနေတဲ့ အတွက် အခုလို ကန့်ကွက်တာလို့ ကန့်ကွက်ရာမှာ ပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု ရေနက်ဆိပ်ကမ်းလုပ်နေတာမှာ ဒေသခံတွေရဲ့ဆန္ဒကို ဘာမှမေးတာမရှိဘူး။ အဲဒီစီမံကိန်းကြောင့် အခု ရေလုပ်သားတွေ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ ရေအောက်မြေတွေ တူးတယ်။ ပိုက်တွေပျက်စီးတယ်။ ငါးဖမ်းလို့လည်း မရတော့ဘူး။ အရင်စီမံကိန်းကြောင့်လည်း အခက်အခဲဖြစ်ခဲ့ပြီး။ အခုအထိဖြစ်နေဆဲ။ အခု ဒီစီမံကိန်းကြောင့်လည်း ဒေသခံတွေ ပိုပြီးအခက်အခဲဖြစ်မယ့် သဘောရှိတယ်။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်တာပါ”

အဲဒီသံဇစ်မြစ်ကို ဒေသခံတွေ အဓိက မှီခိုအသက်မွေးဝမ်းကျောင်း ပြုနေကြတာဖြစ်ပြီး ဒီစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားမှာကို စိုးရိမ်နေကြတယ်လို့လည်းဆိုပါတယ်။

အဲဒီ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ ပထမဆုံး အကောင်အထည်ဖော်မယ့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဧက ၄၀၀ အထိကျယ်ဝန်းတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org