ကြံခင်းမြို့နယ်က လူငယ်တစ်ဦး စစ်ကြောရေးမှာ သေဆုံး

ကြံခင်းမြို့နယ် သောကြာဒူးရွာက လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ သုံးရက်အတွင်း သေဆုံးခဲ့ပြီး မိသားစုကိုလည်း ရုပ်အလောင်းပြန်မပေးခဲ့ဘူးလို့ ဒေသခံတွေက မေ ၁၆ ရက်မှာ ပြောပါတယ်။

ဧရာ၀တီတိုင်း ကြံခင်းမြို့နယ်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Wikipedia/ Kantabon

ဧရာ၀တီတိုင်း ကြံခင်းမြို့နယ် သောကြာဒူးရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ သုံးရက်အတွင်း သေဆုံးခဲ့ပြီး မိသားစုကိုလည်း ရုပ်အလောင်းပြန်မပေးခဲ့ဘူးလို့ ဒေသခံတွေက မေလ ၁၆ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

သောကြာဒူးရွာက အသက် ၂၆ နှစ်အရွယ် ကိုပိုင်မင်းသူကို စစ်ကောင်စီတပ်က မေလ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး မြန်အောင်မြို့ အခြေစိုက် ခလရ-၅၁ တပ်ရင်းထဲမှာ စစ်ကြောရေးလုပ်ခဲ့တာလို့ ဆိုပါတယ်။

မေလ ၁၃ ရက်နေ့မှာတော့ ကိုပိုင်မင်းသူ သေဆုံးသွားကြောင်း မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပြီး ရုပ်အလောင်းကိုတော့ ပြန်မပေးခဲ့ဘူးလို့ ဒီဖြစ်ရပ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၃ ရက်နေ့ နေ့လယ်မှာ မြန်အောင် ရဲစခန်းက သူ့ရဲ့မိသားစုတွေကို လှမ်းခေါ်တယ်ပေါ့နော်။ ပိုင်မင်းသူကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး သံသယနဲ့ စစ်ဆေးတဲ့အခါမှာ ရောဂါနဲ့သေဆုံးသွားတယ်ဆိုပြီး ဓာတ်ပုံပဲပြတယ်။ သူတို့ဟာနဲ့သူတို့ သင်္ဂြိုဟ်လိုက်ပြီပေါ့နော်။ ဓာတ်ပုံပဲပြပြီး ခေါ်အသိပေးတယ်"

ရဲစခန်းက ရောဂါနဲ့သေဆုံးတယ်လို့ အကြောင်းပြပေမဲ့ ကိုပိုင်မင်းသူဟာ ရိုက်နှက်စစ်ဆေးခံရလို့ သေဆုံးခဲ့တာကြောင့် ရုပ်အလောင်းကို ပြန်မပေးခဲ့တာလို့ သူက ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုပိုင်မင်းသူမှာ မိခင်နဲ့ ဇနီးတို့ ကျန်ရစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်မှုရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် ဦးသန်းထွန်းကိုလည်း စစ်ကောင်စီတပ်က မေလ ၅ ရက်နေ့မှာ ဖမ်းဆီးပြီး စစ်ကြောရေးလုပ်ခဲ့ပြီးနောက် မေလ ၉ ရက်နေ့မှာ သေဆုံးသွားတဲ့အကြောင်း မိသားစုကို အသိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org