ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိုဖီအာနန် တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရအနေနဲ့ စနစ်တကျ ပြန်လည်လက်ခံဖို့လိုကြောင်းနဲ့ မြန်မာ နဲ့ နိုင်ငံတကာပူးပေါင်းဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကို သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို  မြန်မာအစိုးရအနေနဲ့ စနစ်တကျ ပြန်လည်လက်ခံဖို့လိုကြောင်းနဲ့ မြန်မာနဲ့ နိုင်ငံတကာ ပူးပေါင်းဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုဖီအာနန်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒုက္ခသည်တွေအနေနဲ့ သူတို့မူလနေထိုင်ခဲ့တဲ့ ဒေသတွေကို လုံခြုံစွာနဲ့  ဂုဏ်သိက္ခာရှိစွာ ပြန်လည် သွားရောက် နေထိုင်ခွင့်ရသင့်ပါတယ်၊ သူတို့ကို  ဒုက္ခသည်စခန်းတွေပို့ဆောင်ဖို့ မသင့်တော်ပါဘူး၊ ဒါ့အပြင် ပြန်လည်နေရာချထားရေးနဲ့ အိုးအိမ်တွေ တည်ဆောက်ဖို့အတွက် အကူအညီတွေလည်း ရသင့်ပါတယ်” လို့ သူက ပြောဆိုခဲ့ ပါတယ်။

မစ္စတာ ကိုဖီအာနန်က မနေ့က တွေ့ဆုံပွဲမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးက လတ်တလော လိုအပ်ချက်တွေ အဖြစ် တညီတညွတ် သဘောတူခဲ့တဲ့အချက်တွေကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီတွေရရှိရေး၊ ဘင်္ဂလားဒေ့ရှ် ထွက်ပြေးရောက်ရှိနေသူတွေ မိမိသဘောဆန္ဒ အလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးတွေဖြစ်ကြောင်း ပြောပါတယ်။

ကိုဖီအာနန် ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ သြဂုတ်လမှာ မြန်မာအစိုးရထံတင်ပြခဲ့ပါတယ်။ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကိုဖီအာနန်က အဲဒီ အစီရင်ခံစာပါအချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရက သဘောတူလက်ခံကာ အကောင် အထည်ဖေါ်ရေး ကော်မတီတစ်ခုဖွဲ့ပြီး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီလို အကောင်အထည်ဖေါ် ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အကြံပေးအဖွဲ့တစ်ခုဖွဲ့ဖို့လည်း ဒေါ်အောင်ဆန်းစုကြည် က ဆန္ဒရှိကြောင်း၊ အဲဒီကျွမ်းကျင်သူအဖွဲ့ဟာ မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝန်းအကြား တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အဆင့်ကို ရောက်ရှိသွားနိုင်ကြောင်း စသဖြင့် ပြောကြားရင်း

“ရခိုင်ပြည်နယ်ရဲ့ လက်ရှိပြဿနာကို ရခိုင်ပြည်နယ်အစိုးရ၊ မြန်မာအစိုးရနဲ့ နိုင်ငံတကာ ပူးပေါင်း ဖြေရှင်းဖို့လိုကြောင်းနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်း မရှိရင် အင်မတန်ဆိုးဝါးတဲ့ နောက်ဆက် တွဲပြဿနာတွေကို ရေရှည်မှာကြုံတွေ့ရလိမ့်မယ်” လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ ကိုဖီအာနန်က မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း၊ ရခိုင်ပြည်နယ်ပြဿနာအပြင် အခြားအရေးကြီးတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်နေ ရကြောင်း သတင်းစာရှင်းလင်းပွှဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခုလတ်တလောကာလအတွင်း ရခိုင်ပြည်နယ်က ပြဿနာကို ထပ်တလဲ လဲ ဆွေးနွေးခဲ့ကြရာမှာ ဗီတိုအာဏာသုံးစွဲခွင့်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲလွဲနေပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပွားနေကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု အဆုံးသတ်ဖို့တောင်း ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ ပြောဆိုခဲ့ကြပြီး တရုတ်ပြည်က စိတ်ရှည်သီးခံပြီး အချိန်ယူဖြေရှင်းဖို့လိုကြောင်း ပြောကြား ကာ ရုရှားအစိုးရကတော့ မြန်မာအစိုးရကို ဖိအားမတန်တဆပေးရင် အခြေအနေတွေ ပိုမိုဆိုးဝါးသွား မှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးကောင်စီမှာ သောကြာနေ့ မနေ့က ကျင်းပတဲ့ ကိုဖီအာနန်နဲ့ တွေ့ဆုံပွဲကို ဗြိတိန် သံအမတ်ကြီး Matthew Rycroft မက်သယူး ရိုင်းကရော့ဖ်နဲ့ ပူးတွဲဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ ပြင်သစ် သံအမတ်ကြီး Francois Delattre ဖရန်စွာ ဒဲလတ်ထာက ဒီအစည်းအဝေးဟာ အင်မတန်အကျိုးရှိကြောင်း၊ ရည်မှန်းချက် ၂ ခုအဖြစ် မစ္စတာ အာနန် ဦးဆောင်ပြီး မြန်မာအစိုးရထံ တင်ပြခဲ့တဲ့အချက်တွေကို ထောက်ခံဖို့နဲ့ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်နေတဲ့ အခြေ အနေကို လုံးဝလက်သင့်မခံနိုင်ကြောင်း ဆုံးဖြတ်ဖို့အတွက် များစွာအထောက်အကူပြုခဲ့တဲ့ အစည်း အဝေးဖြစ်ကြောင်းနဲ့ တဆက်တည်းမှာပဲ ဒီပြဿနာကို သက်ဆိုင်သူအားလုံး တညီတညွတ် ပူးပေါင်းဖြေရှင်းနိုင်မယ်လို့ သူမျှော်လင့်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org