ရခိုင်ကော်မရှင် အပြီးသတ်အစီရင်ခံစာ သမ္မတထံ ပေးအပ်


2017.08.23
kofiannan-meet-president-622.jpg သမ္မတ ဦးထင်ကျော်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် တို့ သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံစဉ်
Photo: Myanmar President Office/ Facebook

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင် ခံစာကို ဒီကနေ့ နိုင်ငံတော်သမ္မတထံ  ပေးအပ်လိုက်ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် သမ္မတအိမ်တော်မှာ သမ္မတဦးထင်ကျော်နဲ့ ရခိုင် အကြံပေးကော်မရှင်တို့ တွေ့ဆုံချိန်မှာ အစီရင်ခံစာကို ပေးအပ်လိုက်တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတော်သမ္မတက အစီရင်ခံစာကို အလေးအနက်ထားစဉ်းစားမှာဖြစ်ကြောင်းနဲ့ အစိုးရရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အထောက်အပံ့များစွာဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သမ္မတနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ တွေ့ဆုံရာမှာ ပြီးခဲ့တဲ့ မတ်လအတွင်းက ကော်မရှင်က တင်သွင်းခဲ့တဲ့ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်နေတဲ့ အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်ရဲ့ လူမှု စီးပွားရေး ပညာရေးကဏ္ဍတွေကို မြှင့်တင်ဖို့ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ဒါ့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လက်ခံနေတဲ့အခြေအနေနဲ့ ဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေး၊ မူးယစ်ဆေးဝါးပြဿနာနဲ့ ရခိုင်ပြည်နယ်တွင်း သတင်းမီဒီယာရယူခွင့်ကိစ္စတွေအပေါ် အမြင်ချင်းဖလှယ် ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကို အခုနှစ် မတ်လအတွင်းမှာ တင်သွင်းခဲ့ပါတယ်။

ရခိုင် အကြံပေးကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီး မနက်ဖြန် ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။