ရခိုင်ကော်မရှင်ဥက္ကဌ မြန်မာပြည်လာမည်
2017.08.16

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အကြံပေး အစီရင်ခံစာကို အစိုးရထံ တင်ဖို့အတွက် ကေ်ာမရှင် ဥက္ကဌ ကိုဖီအာနန်ဟာ အခုလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။
အဲဒီအကြံပေးအစီရင်ခံစာမှာ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံဖြိုးတိုးတက်ရေးနဲ့ မျှတတဲ့ အဖြေတစ်ခုထွက်လာဖို့ ဘယ်လို လုပ်ရင်အကောင်း ဆုံးဖြစ်မယ်ဆိုတဲ့ အကြံတွေပေးထားပါတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်က ပြောပါတယ်။
"ကျနော်တို့ ကြားဖြတ်အစီရင်ခံစာကဟာကို တိုးချဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားပါတယ်၊ ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး ဖွံဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းဖို့ နောက်ပြီး မျှတတဲ့အဖြေတစ်ခု ထွက်လာဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ သယံဇာတပေါကြွယ်ဝတဲ့ ရခိုင်ပြည်နယ်ကြီးက ဒီလိုဖြစ်နေဖို့ မထိုက်တန်ဘူး သူ့မှာ အလားအလာတွေ အများကြီးရှိတယ် အဲ့ဒါတွေကို ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ အကြံတွေ ပေးထားပါတယ်"
ကော်မရှင် ဥက္ကဌ ကိုဖီအာနန် လာရောက်တာနဲ့ အစိုးရထံ အကြံပြုချက်အစီရင်ခံစာ တင်သွင်းသွားမှာဖြစ်သလို သတင်းမီဒီယာတွေကိုလည်း သတင်းစာရှင်းလင်းပွဲအနေနဲ့ ကျင်းပပေးသွားမယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖွ့ဲစည်းခဲ့တာဖြစ်ပြီး အကြံပြုချက်တွေကို အစိုးရထံ အခုနှစ်သြဂုတ်လမှာ အပြီးသတ်တင်သွင်းရမှာဖြစ်ပါတယ်။
အခုလိုအစီရင်ခံစာတင်ပြနိုင်ဖို့အတွက် ကော်မရှင်အဖွဲ့ဝင်တွေဟာ ဘူးသီးတောင်၊ မောင်တောဒေသ အပါအဝင် ရခိုင်ပြည်နယ်ရဲ့ ဒေသအသီးသီးကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ အဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။