စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ KNU ဆုံးဖြတ်

မကြာသေးခင်က ကျင်းပခဲ့တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နှစ်ပတ် လည် အစည်းအဝေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီညွတ်ရေး၊ ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စစ်အစိုးရကို တိုက်ပွဲဝင် ဖိအားပေးဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ကရင် အမျိုးသားအစည်းအရုံး (KNU) အခမ်းအနားတခုတွင် စစ်ရေးပြနေသော ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်တခုကို KNU ဒုဥက္ကဋ္ဌ ဖဒို ဒေးဗစ်တာကပေါ က RFA ကို အခုလို ပြောပါတယ်။

“၂ဝ၁ဝ ရွေးကောက်ပွဲကနေ ဖြစ်လာမယ့် အစိုးရဟာ အရပ်သား ပုံဆောင်နေပေမယ့် အနှစ်သာရ အားဖြင့်တော့ စစ်အစိုးရပဲ ဖြစ်နေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေ လမ်းစဉ်တွေ မူဝါဒတွေဟာ ပြောင်းမှာ မဟုတ်ဘူး။ အရင်အတိုင်းပဲ ပြည်သူတွေကို ဖိနှိပ်နေမယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ထားမှာပဲ။ နအဖ က သုံးပွင့်ဆိုင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လက်ခံတဲ့အထိ ကျနော်တို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အခုလက်ရှိ ၁၄ ကြိမ်မြောက် ကွန်ဂရက်ကာလမှာ အခု အစည်းအဝေးဟာ တတိယအကြိမ် အစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကရင်ပြည်နယ်အတွင်း တော်လှန်ရေးနယ်မြေ တနေရာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီ အစည်းအဝေးနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က KNU ဒုဥက္ကဋ္ဌ ဖဒိုဒေးဗစ်တာကပေါနဲ့ ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org