ရာဇဝတ်မှုမကင်းတဲ့လုပ်ငန်းတွေ ခွင့်ပြုမထားကြောင်း KNU ပြော

ကရင်ပြည်နယ်အတွင်း ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင်တာကို လက်မခံကြောင်း KNU က ကြေညာချက်ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ရွှေကုက္ကိုတွင် တည်ဆောက်ထားသည့် ရွှေကုက္ကိုမြို့သစ်တစ်နေရာ။ Yatai International Holding Group

ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစားနဲ့ ငွေကြေးဝန်ဆောင်မှုအပါအဝင် ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင်တာကို လက်မခံကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင်တစ်ယောက်မှ ရာဇဝတ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ ခွင့်ပြုထားတာမရှိကြောင်း KNU က ငြင်းဆိုလိုက်ပါတယ်။  

ကရင်ပြည်နယ်အတွင်းက ဒုစရိုက်လုပ်ငန်းတွေပါဝင်နေတဲ့ တရုတ်စီမံကိန်းတချို့မှာ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောရောဂျာခင် ပါဝင်ပတ်သက်နေတဲ့အပေါ် အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က KNU ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

ဒီအိတ်ဖွင့်ပေးစာအပေါ်  KNU က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တုံ့ပြန်လိုက်တာပါ။

အိတ်ဖွင့်ပေးစာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောခွင့်ရှိသူ ကိုစောနန္ဒဆူးက “လူ့အခွင့်အရေးရှုထောင့်ကနေ စောင့်ကြည့်နေတယ်။ ပြောထားတဲ့အတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက် အပြည့်အဝရှိမလဲ၊ ပွင့်လင်းမြင်သာမှု ဘယ်လောက်အထိရှိမလဲ ဆိုတာ စောင့်ကြည့်ရဦးမယ့် အနေအထားမှာရှိတယ်” လို့ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာရှိတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းအနီးက တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းကို KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောရောဂျာခင်က ခွင့်ပြုပေးခဲ့သလို စီမံကိန်းဖွင့်ပွဲ အခမ်းအနားကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့က တက်ရောက်ခဲ့တယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။

KNU ဘက်ကတော့ ၂၀၂၀ ဖေဖော်ဝါရီလက ပြုလုပ်တဲ့ ဒီအခမ်းအနားဟာ Trans- Asia International Holding Grop (Thailand) ကုမ္ပဏီနဲ့ ကရင်ဒေသခံကုမ္ပဏီဖြစ်တဲ့ မုလအိအလင်း ကုမ္ပဏီအကြား လုပ်ငန်းစတင်ရေးအတွက် မြေငှားစာချုပ် ချုပ်ဆိုတာသာဖြစ်ပြီး စောရောဂျာခင်က ဒေသခံမြေပိုင်ရှင်လူထုကိုယ်စား အသိသက်သေအဖြစ် တက်ရောက်ခဲ့တာလို့ ပြောပါတယ်။

ဒီစီမံကိန်းဟာ လူကုန်ကူးမှု၊ အွန်လိုင်းလောင်းကစား၊ လိင်ဖျော်ဖြေ‌ရေးလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ ပါဝင်နေတဲ့အပြင် ဒုစရိုက်လုပ်ငန်းမှာ ပါဝင်နေတဲ့  နိုင်ငံတကာစီးပွားရေးသမားတွေ ငွေမည်းခဝါချနိုင်အောင် ရင်းနှီးမြှုပ်နှံနေတဲ့ စီမံကိန်းတွေ ဖြစ်တယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြောထားပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး KNU ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ဖြစ်တဲ့ ဗဒိုစောကွယ်ထူးဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောတောနီး တို့ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org