KNU ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေး

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ KNU ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ဟာ မနေ့ညက နေပြည်တော်ကို ရောက်ရှိသွားပြီး အပစ်ရပ်ရေးကိစ္စကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ အသေးစိတ် ထပ်မံ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် KNU ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တေ့ွရစဉ်။ Karen National Union

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ၁၉ ဦးပါ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၂ ရက်နေ့က ဖားအံမြို့မှာ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးပြီး မော်လမြိုင်မြို့ကို ဆက်လက် သွားရောက်ကာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ဦးဆောင်တဲ့အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနေ့ကတော့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ပဲခူတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းအဖွဲ့နဲ့ တွေ့ဆုံပြီး ပဲခူးတိုင်းအတွင်းက KNU တပ်ဖွဲ့တွေရဲ့ အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

KNU အဖွဲ့ကို ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ညစာစားပွဲနဲ့ ဧည့်ခံတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မှာ ဖားအံမြို့ကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး အဲဒီကတဆင့် မြဝတီမြို့ကို ပြန်ကြမယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org