KNU ညီလာခံစတင်ကျင်းပ၊ ဗဟိုကော်မတီအပြောင်းအလဲ ပေါ်ပေါက်နိုင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်အဖွဲ့ ၆၈ ဖွဲ့က KNU ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ် ၇ဝ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် တွေ့မြင်ရသော ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ။ AFP

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံကို ဧပြီလ ၂၄ ရက်နေ့က စတင်ကျင်းပနေပါတယ်။

၁ဝ ရက်ခန့်ကြာမြင့်မဲ့ ဒီညီလာခံကနေ KNU ဗဟိုကော်မတီဝင် အပြောင်းအလဲတချို့ ဖြစ်လာနိုင်တယ်လို့ ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

လျှို့ဝှက်ဒေသတစ်ခုမှာကျင်းပတဲ့ ဒီညီလာခံကို ကိုယ်စားလှယ်တချို့က အင်တာနက်အွန်လိုင်းက တစ်ဆင့်တက်ရောက်နေတာဖြစ်ပြီး ဗဟိုကော်မတီဝင် ၅ဝ ခန့်နဲ့အတူ ခရိုင်ကိုယ်စားလှယ်တွေ၊ တပ်မဟာကိုယ်စားလှယ်တွေနဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ စုစုပေါင်း လူဦးရေ ၁ဝဝ ကျော်တက်ရောက်နေတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ဖြစ်ပွားမှုနဲ့ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် မူလပုံမှန်ကျင်းပရမဲ့ ကာလထက် သုံးနှစ်ခန့် နှောင့်နှေးခဲ့ရတယ်လို့ တချို့က ပြောပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ KNU ထိပ်ပိုင်းအတွင်း သဘောထားမတိုက်ဆိုင်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် အခုလိုကြန့်ကြာသွားတာလို့လည်း ဝေဖန်နေကြပါတယ်။

ဒီညီလာခံကနေ KNU ဗဟိုကော်မတီအသစ်ကို ပုံမှန်အတိုင်း မဲစနစ်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

လက်ရှိမှာ KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့ တာဝန်ယူထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားပါတယ်။

အကြောင်းရင်းကတော့ ထိုင်း-မြန်မာနယ်စပ်က ဒုစရိုက်မှုတွေနဲ့မကင်းတဲ့ တရုတ်စီမံကိန်းတချို့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ပါဝင်ပတ်သက်နေတဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် KNU ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ် ရွေးချယ်ရာမှာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ လက်တွဲအလုပ်လုပ်ကိုင်နေသူတွေ၊ နယ်စပ်က တရုတ်စီမံကိန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေကို ရွေးကောက်ခံခွင့်မပြုဖို့လည်း တောင်းဆိုခဲ့ပါတယ်။

KNU ဘက်ကတော့ တရားမဝင်လောင်းကစားနဲ့ ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင်တစ်ယောက်မှ ပါဝင်လုပ်ကိုင်ခွင့်မပြုထားဘူးလို့ အဲဒီအချိန်က ပြန်လည်ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org