ကေအဲန်ယူဆက်ဆံရေးရုံးခွဲ တာဝန်ရှိသူတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီး မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ ဇန်နဝါရီလ ၂ဝရက်နေ့မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
-
2013-01-20 -
-
-
ကျောက်ကြီးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဆက်ဆံရေးရုံးခွဲမှာ KNU တပ်မဟာ ၃ က ဗိုလ်မှူးကြီး စောအယ်ကလူသိန်းအဖွဲ့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KNU အဖွဲ့မှ စောဂျိုးဂျိုးက RFA ကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေးကို တည်တံ့ခိုင်မြဲအောင်လုပ်ဖို့အတွက်တော့ လမ်းစလေးတော့ ကောင်းတာပေါ့၊ မိုင်းရှင်းလင်းရေးကိစ္စတွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကိုဆွေးနွေးခဲ့တယ်၊ နယ်မြေအေးချမ်းမှုအရလည်း ကောင်းလာတာပေါ့"
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမလာခင် ဒီကနေ့မနက်ပိုင်းမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း ဦးဆောင်ပြီး ကျောက်ကြီးမြိုနယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေးရုံးမှာ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။