အပစ်ရပ်ရေး ပြေပြေလည်လည် ညှိနှိုင်းပြီးမှ KNU လက်မှတ်ထိုးမယ်
မိမိတို့ တောင်းဆိုချက်တွေ ပြေပြေလည်လည် ညှိနှိုင်းပြီးချိန်မှ အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်မယ်လို့ KNU ကရင်မျိုးသား အစည်းအရုံးက ဒီကနေ့ ပြောဆိုပါတယ်။
-
2012-01-10 -
-
-
၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်၊ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံးတို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်။ မီးရထားဝန်ကြီး ဦးအောင်မင်း (ဝဲ ရှေ့တန်း- တတိယ)
ဇန်နဝါရီ ၁၂ ရက် ဘားအံမြို့မှာ ကျင်းပမယ့် အပစ်ရပ်ရေး ဆွေးနွေးပွဲမှာ KNU အနေနဲ့ လက်မှတ် ရေးထိုးဖို့ သဘောတူညီပြီး ဖြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အာရ်အက်ဖ်အေက မေးမြန်းရာမှာ KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေဗစ်ထောက အခုလို ပြောဆိုခဲ့တာပါ။
KNU အဖွဲ့ အနေနဲ့ လက်မှတ်ရေးထိုးရန် အဓိက အချက်သုံးချက် တောင်းဆိုဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဓိက အချက်ကတော့ ဒေသခံ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ရေး အတွက် အာမခံချက် ရရှိဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ တစ်ဆက်တည်း အပစ်အခတ် ရပ်စဲရေးကို အခွင့်ကောင်းယူပြီး စစ်အင်အား တိုးချဲ့တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့လည်း ရှိတယ်လို့ စောဒေဗစ်ထောက ပြောပါတယ်။
ဘားအံမြို့ကို သွားရောက်မယ့် KNU ကိုယ်စားလှယ် အဖွဲ့ဝင် ၁၁ ဦးကို ဗိုလ်ချုပ်ကြီး စောဆေးမူတူး ခေါင်းဆောင်မှာ ဖြစ်ပြီး KNU ခရိုင် တာဝန်ခံတွေလည်း ပါဝင်ပါမယ်။
ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်မှာ ဘားအံမြို့ ဇွဲကပင် ဟိုတယ်မှာ စတင်မှာ ဖြစ်ပြီး အစိုးရဘက်က မီးရထား ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ လာရောက်ဖို့ ရှိတယ်လို့ စောဒေးဗစ်ထောက ပြောပါတယ်။