KNU နဲ့ မွန်ပြည်သစ် တပ်တွေ ဆုတ်ပေးရေး သဘောတူ
တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ဟာ ဒီနေ့ခေါင်းဆောင်တွေ တွေ့ဆုံအပြီး နှစ်ဘက်တပ်တွေနောက်ဆုတ်ဖို့ သဘောတူခဲ့တယ်လို့ KNU တပ်မဟာ ၆ လက်အောက်ခံ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ စောမောင်ရွှေက ပြောပါတယ်။
-
ကျော်လွင်ဦး
2019-10-23 -
-
-
တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ဟာ ဒီနေ့ခေါင်းဆောင်တွေ တွေ့ဆုံအပြီး နှစ်ဘက်တပ်တွေနောက်ဆုတ်ဖို့ သဘောတူခဲ့တယ်လို့ KNU တပ်မဟာ ၆ လက်အောက်ခံ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ စောမောင်ရွှေက ပြောပါတယ်။
ဒီနေ့ဘုရားသုံးဆူမှာ မွန်ပြည်သစ်ပါတီဗဟိုက ခေါင်းဆောင်တွေနဲ့ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ကခေါင်းဆောင်တွေ တွေ့ဆုံအပြီး သဘောတူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က နှစ်ဘက်အောက်ခြေတပ်တွေ အချင်းချင်း နားလည်မှုလွဲကြပြီး ပစ်ခတ်ခဲ့ကြတာကြောင့် မွန်တပ်က အရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့မှာ KNU တပ်မဟာ ၆ တာဝန်ရှိသူတွေနဲ့ NMSP ဗဟိုဝန်းကျင်က တာဝန်ရှိသူတွေဟာ တိုက်ပွဲဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သဘောတူညီချက် သုံးခုရရှိခဲ့ပါတယ်။
နှစ်ဘက်တပ်တွေ ထိပ်တိုက်မဖြစ်ဖို့အတွက် အောက်ခြေအဆင့်ဆင့်ကို ညွှန်ကြားဖို့၊ ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ် လာက အင်အားသုံးဖြေရှင်းတာတွေမလုပ်ဘဲ တွေဆုံဆွေးနွေးအဖြေရှာဖို့၊ အချင်းချင်း ယုံကြည်မှု တည်ဆောက်ပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်ဖို့ သဘောတူခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေနဲ့ ဘုရားသုံးဆူဆက်ဆံရေးရုံးတွေကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
မွန်ပြည်သစ်ပါတီနဲ့ KNU တိုက်ပွဲတွေကြောင့် မွန်ကရင်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေဟာ ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ်နေကြပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ KNUတို့ဟာ ၁၉၈၈ လောက်ကစပြီး နယ်မြေအငြင်းပွားပြီး တနင်္သာရီတိုင်းနယ်စပ်၊ မွန်ကရင်နယ်စပ်တွေမှာ မကြာခဏဆိုသလို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
KNU ဟာ ၂၀၁၃ ခုနှစ်ကတည်းက အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီက ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ရက်နေ့က NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ ဖြစ်ကြပါတယ်။