အစိုးရနဲ့ KNPP မနက်ဖြန် တွေ့ဆုံဆွေးနွေးမည်

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးကော် မရှင်တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန်ကစပြီး နှစ်ရက်တာ တရားဝင်ဆွေးနွေးပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။

KNPP အဖွဲ့ဝင်တွေကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာတွေ့ရစဉ် Photo: Peace Commission - facebook

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန်ကစပြီး နှစ်ရက်တာ တရားဝင်ဆွေးနွေးပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ အရင်ကနှစ်ဖက်သဘောတူချုပ်ဆိုထားတဲ့အချက်တွေကို အာမခံပြီး၊ ခိုင်မာအောင် ဆက်လက် အကောင်အထည်ဖေါ်ဖို့ကိစ္စနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရေးကိစ္စတွေ ပါမယ်လို့ KNPP ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး က RFA ကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးခင်ဇော်ဦး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်မယ်လို့ ဆိုပါတယ်။

KNPP ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ် ဇွန်လနဲ့ ၂၀၁၃ ခုနှစ် ဇွန်လမှာ Bilateral Agreements ဆိုတဲ့ နှစ်ဖက်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီအဖွဲ့ဝင် ဖြစ်တဲ့အတွက် NCA လို့ခေါ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့မှာတော့ တပ်ပေါင်းစုမူအတိုင်း ရပ်တည်နေပါတယ်။

အခုဆွေးနွေးပွဲမှာ ပြည်နယ်ထဲက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေနဲ့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တွေကို လေ့လာသူအဖြစ်တက်ရောက်ဖို့ KNPP ကဖိတ်ကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org