KNPP ကိစ္စ ဆန္ဒပြသူတွေကို ဝန်းရံခဲ့သူတွေ ဖမ်းဆီးခံရ
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့ကိစ္စအပေါ် ဦးဆောင်ဆန္ဒပြခဲ့သူတွေကို ဝန်းရံခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ ယောက်ကို ဒီကနေ့ လွိုင်ကော်မြို့နယ် အကျဉ်းထောင်မှာ ထောင်အချုပ်အနေနဲ့ ဖမ်းဆီးထားလိုက်ပါတယ်။
-
2018-01-19 -
-
-
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့ကိစ္စအပေါ် ဦးဆောင်ဆန္ဒပြခဲ့သူတွေကို ဝန်းရံခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ ယောက်ကို ဒီကနေ့ လွိုင်ကော်မြို့နယ် အကျဉ်းထောင်မှာ ထောင်အချုပ်အနေနဲ့ ဖမ်းဆီးထားလိုက်ပါတယ်။
အဲဒီအမှုကို လွိုင်ကော်မြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ရာမှာ တရားရုံးက အာမခံလျှောက်ခွင့်ပေးပေမဲ့ တရားစွဲခံရသူတွေဘက်က မလျှောက်ခဲ့တာကြောင့် တရားရုံးက ဖမ်းဆီးဖို့ အမိန့်ချလိုက်ပြီး အခုလို ဖမ်းဆီး ခံလိုက်ရတာဖြစ်တယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး ခွန်းဘားနဒ် က ပြောပါတယ်။
"သူတို့ကတော့ အာမခံယူမလားတော့ ပြောတယ်ပေါ့နော်၊ ဒါပေမဲ့ ကျနော်တို့ လူငယ်တွေကတော့ ကျနော်တို့လုပ်တာ အပြစ်မရှိဘူးလို့ ခံယူတဲ့အတွက် ဘယ်လိုပဲချချ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အာမခံယူမှာ မဟုတ်ဘူးဆိုပြီး လူငယ် ၃ ဦးကတော့ ဒီလိုပဲဆုံးဖြတ်တဲ့အချိန်မှာ တစ်ခါတည်း ထောင် အချုပ်အနေနဲ့ ချုပ်ပြီးတော့မှ ၂၃ ရက်နေ့ကို ရုံးချိန်းပြန်ခေါ်တယ်ပေါ့။"
KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ၂၀၁၇ ဒီဇင်ဘာလ ၂၂ ရက်နေ့က လွိုင်ကော်မြို့မှာ ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့နဲ့ တက်ကြွ လှုပ်ရှားသူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲ ဦးဆောင်သူ လူငယ် ၅ ယောက်ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့အရေးယူခဲ့တဲ့အပြင် သူတို့ကို ဝန်းရံ ခဲ့တဲ့သူတွေထဲက ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီတူး၊ ကရင်နီပြည်တောင်သူများသမဂ္ဂ ဥက္ကဌ ခူးတူရယ်နဲ့ ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းတို့ ၃ ဦးကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ နဲ့ပဲ ထပ်မံတရားစွဲ ဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တရားစွဲဆိုမှုကို လွိုင်ကော်မြို့နယ် စခန်းမှူး ဦးဝင်းဌေးကပဲ တရားလိုလုပ်ပြီး တရားစွဲဆိုတာဖြစ်တယ်လို့ ခွန်းဘားနဒ် က ပြောပါတယ်။
ပထမတရားစွဲခံထားရတဲ့ လူငယ် ၅ ယောက်ကိုတော့ ဇန်နဝါရီလ ၁၂ ရက်နေ့က ထောင်ဒဏ်ရက် ၂၀ အမိန့် ချမှတ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းကို သွားရောက်ခဲ့တဲ့ လူငယ် ၃ ဦးကိုလည်း လူဦးရေ ၁ ထောင်ဝန်းကျင်ခန့်က လိုက်ပါပို့ဆောင်ခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့လည်း သိရပါတယ်။