UNFC ကနေ KNPP နုတ်ထွက်ဖို့ ဆုံးဖြတ်ထား
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကနေ နုတ်ထွက်ဖို့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
-
2019-03-04 -
-
-
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကနေ နုတ်ထွက်ဖို့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခြောက်လပတ် နှစ်ပတ်လည် ဗဟိုကော်မတီ အစည်းအဝေးမှာ UNFC က နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ KNPP လွိုင်ကေ်ာဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က RFA ကို ဒီနေ့ ပြောပါတယ်။
ဒါကြောင့် UNFC အရေးပေါ် ညီလာခံ ကျင်းပဖို့ တောင်းဆိုထားပြီး နုတ်ထွက်ရေးနဲ့ ပတ်သက်လို့ အဲဒီညီလာခံမှသာ အတည်ပြုနိုင်မယ်လို့လည်း ပြောပါတယ်။
KNPP အတွင်းရေးမှူး ခူးပလူးရယ်က UNFC ညီလာခံကို ပြီးခဲ့တဲ့ နှစ်ထဲက ကျင်းပဖို့စီစဉ်ထားပေမယ့် ကြန့်ကြာနေတာကြောင့် အရေးပေါ်ညီလာခံအနေနဲ့ ကျင်းပဖို့ တင်ပြထားတာလို့ RFA ကို မနေ့က ပြောခဲ့ပါတယ်။
UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးထွန်းဇော်ကတော့ အရေးပေါ်ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အတိအကျမသိရသေးဘဲ ကျင်းပဖြစ်ရင်တော့ နုတ်ထွက်ခွင့်တောင်း ထားတဲ့ အဖွဲ့တွေအပါအဝင် UNFC ကိုဝင်ရောက်ဖို့ တင်ပြထားတဲ့ အဖွဲ့တွေကိုပါ ဖိတ်ကြားဖို့ရှိတယ်လို့ မနေ့က RFA ကို ပြောခဲ့ပါတယ်။
လက်ရှိမှာ UNFC အဖွဲ့ဝင် ၅ ဖွဲ့ရှိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကလည်း ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက နုတ်ထွက်စာ တင်ထားသလို NCA လက်မှတ်ထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူအဖွဲ့ LDU တို့ကလည်း နုတ်ထွက်ခွင့် တောင်းထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။