KNU ဌာနချုပ်ဟောင်းနယ်မြေက စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်
ဘားအံခရိုင် မာနယ်ပလောဒေသက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ပွိုင့်- ၉၁၃ တပ်စခန်းကုန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ပြောဆိုရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-12-17 -
-
-
ကရင်အမျိုးသားအည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်းနယ်မြေဖြစ်တဲ့ ဘားအံခရိုင် မာနယ်ပလောဒေသက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ပွိုင့်- ၉၁၃ တပ်စခန်းကုန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ပြောဆိုရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အသေးစိတ်ကို မသိရသေးဘူးလို့ ပဒိုစောတောနီးက ပြောပါတယ်။
"စခန်းကျသွားတာကို အတည်ပြုပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ သတင်းပို့မလာသေးလို့ မသိရသေးပါဘူး"
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေအပြင် ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင် ၅၀၀ ဗုံး လေးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဘားအံခရိုင်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ အင်အားတစ်ရာခန့်ရှိတဲ့ အဲဒီစခန်းကို သိမ်းပြီးနောက် KNLA ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
"နှစ်သုံးဆယ်ကြာ လက်လွှတ်ခဲ့ရတဲ့ ဌာနချုပ်ကို ပြန်ယူတာပေါ့။ အခုတော့ ဒီဘက်က နယ်မြေရှင်းလင်းရေးတွေလုပ်နေလို့ အဲဒီဘက်တစ်ဝိုက်ကို ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ ကြားပါတယ်။ KNLA ဘက်ကလည်း တပ်မမှူးတစ်ဦး ကျတယ်လို့ သိထားတယ်"
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံရေးအတွက် အခြေအနေတွေကို စောင့်ကြည့်နေရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။