KNA အသွင်ပြောင်း BGF ကိုပေးထားတဲ့ စစ်လက်နက်တွေ စစ်ကောင်စီ ပြန်တောင်း

BGF ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA အတွက် ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေပြန်အပ်ဖို့ စစ်ကောင်စီက တောင်းဆိုထားကြောင်း ဧပြီ ၁၈ ရက် Thai PBS သတင်းက ဖော်ပြပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က သောင်ရင်းမြစ်ကမ်းမှ မယ်သဝေါရွာအနီးတွင် တွေ့ရစဉ်။ Citizen Journalist

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA အတွက် အရင်က ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ခဲယမ်းတွေကို ပြန်အပ်ဖို့ စစ်ကောင်စီက တောင်းဆိုထားကြောင်း ဧပြီလ ၁၈ ရက် Thai PBS သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကနေ KNA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ထံ ကိုယ်စားလှယ်စေလွှတ်ပြီး အဲဒီလို ပြန်တောင်းထားတာလို့ ဆိုပါတယ်။

မလိုက်နာရင် မြ၀တီနဲ့ ထိုင်း-မြန်မာနယ်စပ်က ကာစီနိုရုံတွေကို တိုက်ခိုက်သွားမယ်ဆိုပြီး စစ်ကောင်စီက သတိပေးထားတယ်လို့လည်း Thai PBS သတင်းက ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်ပြည်နယ် စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်ဟာ ဖြစ်နိုင်ခြေရှိတယ်လို့ RFA ကို ပြောပါတယ်။

“ဖြစ်နိုင်ခြေရှိပါတယ်။ ထိုင်းသတင်းဌာန အတော်တော်များများက အချက်အလက်တွေကို အခြေပြုတဲ့နေရာမှာ ၉၅ ရာခိုင်နှုန်းလောက် အတည်ပြုနိုင်မှ ရေးလေ့ရှိတာကြောင့် အဲဒီသတင်းက ယုံကြည်ရလောက်တယ်လို့ ယူဆပါတယ်”

ကာစီနိုရုံတွေကို စစ်ကောင်စီက တိုက်ခိုက်လာရင်တော့ မြို့လူထုပဲ အဓိက အထိနာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

အခုလိုသတင်းတွေထွက်လာပြီးနောက် အခြေအနေစောင့်ကြည့်နေရတယ်လို့ မြ၀တီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သတင်းတော့ ကြားတယ်။ ရှောင်ဖို့တိမ်းဖို့ဆိုတာက ကိုယ့်နိုင်ငံအတွင်းတောင် မလွယ်လှဘူးလေ။ မဲဆောက်ကျတော့ နိုင်ငံခြားသွားပြီ။ ပိုခက်တာပေါ့။ ဒါကြောင့် အခြေအနေပဲ စောင့်ကြည့်နေရတယ်”

စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်လာမှာကိုတော့ စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။

စစ်တပ်နဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီပေးတဲ့ လစာနဲ့ ရိက္ခာ တွေ မယူတော့ဘဲ သီးခြားရပ်တည်မယ်လို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လဆန်းမှာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းထားတာပါ။

BGF ဟာ တပ်နယ်လေးနယ်၊ တပ်ရင်း ၁၃ ရင်းနဲ့ ဖွဲ့စည်းထားပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့၊ ဖာပွန်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး စတဲ့ဒေသတွေမှာ အခြေစိုက်ထားပါတယ်။ တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင် ၅၅၆ ဦးနဲ့ စစ်အင်အားအပြည့်ရှိတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org