ဒီပဲယင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း လူ ရှစ်ဦး သတ်ဖြတ်ခံရ

ဒီပဲယင်းမှာ စစ်တပ်က အောက်တိုဘာ နောက်ဆုံးနှစ်ပတ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးချိန်မှာ အရပ်သားရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နောက်ထပ်လူ ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာလ နောက်ဆုံးနှစ်ပတ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးချိန်မှာ အရပ်သားရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နောက်ထပ်လူ ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ စစ်ကြောင်းဝင်ရောက်တဲ့ လမ်းတစ်လျှောက်ရွာတွေက အရပ်သားတွေကို သတ်ဖြတ်ခဲ့တာလို့ ဒီပဲယင်းညီနောင်များအဖွဲ့ရဲ့ တာဝန်ခံ ကိုကြီးဖြိုးက RFA ကို ပြောပါတယ်။

"သတ်ဖြတ်ခံရသူ ရှစ်ဦးမှာ တစ်ဦးပဲ သေနတ်နဲ့ ပစ်သတ်ခံရတာ၊ ကျန်တဲ့ ခုနစ်ဦးလုံးက ခေါင်းတွေဖြတ် သတ်ခံထားရတာကို တွေ့ရတယ်။ အလောင်းတွေကတော့ သူတို့စစ်ကြောင်းထွက်သွားပြီးနောက်မှာ အကုန်ပြန်တွေ့ပါတယ် ဒီရှစ်ဦးလုံးကို"

သတ်ဖြတ်ခံရသူတွေက ဘုတ်ထန်းရွာက ဦးကြည်ဝင်း၊ မင်းတဲကုန်းရွာက အသက် ၆၀ အရွယ် ဦးညိုဝင်း၊ ရှမ်းတောရွာက အသက် ၄၃ နှစ်အရွယ် ဦးကျန်ထွန်း၊ အသက် ၃၉ နှစ်အရွယ် ကိုငြိမ်းမင်းဦး တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် သိမ်ဘာရွာက အသက် ၃၅ နှစ်အရွယ် ကိုအောင်နိုင်၊ အသက် ၃၄ နှစ်အရွယ် ကိုဇော်မျိုးအောင်၊ ကျွန်းတောရွာက ကိုအောင်ဇင်နဲ့ ကိုမင်းမင်းတို့လည်း ပါဝင်ပါတယ်။

စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်က ဒေသခံ ၁၉ ဦးဟာလည်း စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ဖမ်းဆီးခံရသူတချို့ ပြန်လည် လွတ်မြောက်တာ ရှိနေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှာတော့ ဒီစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်နဲ့ ကပ်လျက် ရေဦးမြို့နယ် မစိုးရိမ်ရွာကို ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး၊ အရပ်သား နှစ်ဦး စုစုပေါင်း လူလေးဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။

ဒီစစ်ကြောင်းဟာ အမှတ် ၇၀၈ နဲ့ အမှတ် ၇၀၁ ခြေမြန်တပ်ရင်းတို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖြစ်ပြီး ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကြောင်းဖြစ်ပါတယ်။

သူတို့ကိုယ်သူတို့ ဘီလူးစစ်ကြောင်းလို့ နာမည်ပေးထားပြီး ဒီပဲယင်းမြို့နယ် ဝဘာရွာက တံခါးတစ်ချပ်မှာ ဘီလူးစစ်ကြောင်းလို့ ရေးသားသွားခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီပဲယင်းမှာရော၊ ရေဦးမှာရော ဝင်သွားတဲ့စစ်ကြောင်းက တစ်ကြောင်းတည်း အတူတူပဲ တစ်ဖွဲ့တည်းပဲ။ ဘီလူးစစ်ကြောင်းလို့ပြောတယ်။ ပြတင်းပေါက်တွေမှာလည်း ရေးသွားတယ်။ ဘီလူးစစ်ကြောင်းနဲ့တွေ့ရင် ခေါင်းဖြတ်မယ်မှတ်ဆိုပြီး ပြောတာတွေလည်းရှိတယ်”

လက်ရှိမှာတော့ ဒီစစ်ကြောင်းဟာ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံထဲမှာ ပြန်လည်တပ်စွဲနေထိုင်နေကြပြီး စစ်ကြောင်းပြန်ထိုးမှာ စိုးရိမ်တဲ့အတွက် ရေဦးမြို့နယ်ထဲက ရွာတချို့မှာတော့ ဒေသခံတွေ ရွာကို ပြန်မကပ်ရဲသေးဘူးလို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org