ကော့ကရိတ်မှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံသုံးဦး အလောင်းတွေ့
ကော့ကရိတ်မြို့နယ် ကော့ဘိန်းနဲ့ ကော့ပလိုင်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ အဲဒီရွာခံတွေက ဧပြီ ၃၀ ရက်ဒီနေ့ RFA ကို ပြောပါတယ်။
-
RFA Burmese
2024-04-29 -
-
-
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနဲ့ ကော့ပလိုင်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ အဲဒီရွာခံတွေက ဧပြီ ၃၀ ရက်ဒီနေ့ RFA ကို ပြောပါတယ်။
အသတ်ခံရသူတွေဟာ ကော့ဘိန်းကျေးရွာက အသက် ၃၈ နှစ်အရွယ် ဦးနိုင်ဆိုက်ဂျီနဲ့ ဘယ်သူဘယ်ဝါ အတည်ပြုမရသေးတဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦး၊ ကော့ပလိုင်းကျေးရွာက အသက် ၂၀ ဝန်းကျင် ကိုမင်းအောင်ချမ်းတို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဦးနိုင်ဆိုက်ဂျီနဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၈ ရက်နေ့က ကော့ဘိန်းစျေးတန်းအနီး လမ်းဘေးမှာတွေ့ခဲ့ရပြီး ကိုမင်းအောင်ချမ်းရဲ့ ရုပ်အလောင်းကိုတော့ ဧပြီလ ၂၇ ရက်နေ့က ကော့ပလိုင်းရွာ ချောင်းအနီးမှာ တွေ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ယောက်က ကော့ပလိုင်းချောင်းနားမှာ တွေ့တာ။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းနှစ်ယောက်ကို တွေ့တာက ကော့ပလိုင်းနဲ့ ကော့ဘိန်းကြားက စျေးတန်းနားမှာပါ”
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ တစ်လကြာသိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် စစ်ကြောင်းနဲ့တိုးပြီး အခုလို သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
ဧပြီ ၂၅ ရက်နေ့မှာ ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့ပြီး ညနေပိုင်းမှာတော့ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ဧပြီ ၂၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဝင်ရောက်လာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ကော့ဘိန်းအပါအဝင် နီးစပ်ရွာတွေက ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
ဧပြီလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။