ခင်ဦးနဲ့ ရေဦးမှာ ဗုံးကြဲခံရမှု သံဃာတော် နှစ်ပါးအပါအဝင် ၁၄ ဦး ဒဏ်ရာရ

တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာလို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပင်စိမ်းခင်းရွာမှာ စစ်ကောင်စီ၏ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဝါဆိုဘုန်းကြီးကျောင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ရေဦးမြို့နယ်အစပ်က ကျေးရွာတွေကို အောက်တိုဘာလ ၂၆ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်နှစ်ပါးအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသအခြေစိုက် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာလို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က RFA ကိုပြောပါတယ်။

"ဒီနေ့မနက် ၁၂ နာရီခွဲလောက်နဲ့ ၁ နာရီလောက်မှာ ကန့်ဘလူနယ် ကာဘိုးအထိုင်စခန်းကနေ ခင်ဦးနယ်အနောက်ခြမ်း မုံလှရွာကို Drone နဲ့ ဗုံးသီး လေးလုံး၊ ရေဦးနယ်မြောက်ဘက်ခြမ်း ပင်စိမ်းခင်းရွာ ဝါဆိုကျောင်းအတွင်းကို ဗုံးသီး သုံးလုံး အကြောင်းမဲ့ ကြဲချတိုက်ခိုက်ခဲ့တာပါ"

ဒီတိုက်ခိုက်မှုတွေကြောင့် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာမှာ သံဃာတော် နှစ်ပါးနဲ့ ပြည်သူ သုံးဦး ထိခုက်ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် မုံလှရွာမှာတော့ ရွာအတွင်းကို ကြဲချတာကြောင့် ပြည်သူ ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နွားသုံးကောင်လည်း သေဆုံးခဲ့သလို နေအိမ် သုံးလုံးပျက်စီးသွားတယ်လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။

ဒီရွာတွေကို ကန့်ဘလူနယ်မြို့နယ် ကာဘိုးအထိုင်စခန်းကနေ ဒလက် ၆ လက်ပါ Drone တွေနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ဒရုန်းတွေကို ကန့်ဘလူမြို့နယ် ကာဘိုး အထိုင်စခန်း၊ ရေဦးနယ်မြောက်ဘက်ခြမ်း အောင်သာယာ ပျူစောထီးရွာ အထိုင်စခန်းနဲ့ ရေဦးမြို့ပေါ်ကနေ အများဆုံး တိုက်ခိုက်နေတာလို့လည်း ပြောပါတယ်။

ဒီကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၇၂ ဦးရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org