စစ်ကောင်စီတပ်ကြောင့် ခင်ဦးမြို့နယ်က ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ

ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်လာတာကြောင့် ရွာသား သုံးထောင်ခန့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

ခင်ဦးမြို့နယ် ရွာသစ်ရွာ မီးရှို့ခံရသည်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဇွန်လ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်လာတာကြောင့် ရွာသား သုံးထောင်ခန့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၅ နာရီကျော်က အင်အား ၁၀၀ နီးပါးရှိ ရွှေဘိုလေ့ကျင့်ရေးတပ် အမှတ် (၈) လက်အောက်ခံစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ခင်ဦးမြို့နယ်က ရွာသစ် အပါအဝင် ရွာငါးရွာက ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရတာပါ။

အဲဒီစစ်ကြောင်းဟာ ခင်ဦး- ရေဦး ကားလမ်းမဘေးက ရွာသစ်ရွာကို အရင်ဆုံးဝင်ရောက် မီးရှို့ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ မူးသာ၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး စတဲ့ ရွာတွေက ဒေသခံတွေလည်း ကြောက်လန့်ပြီး တိမ်းရှောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုချိန်ထိ ရွာသစ်ရွာမှာ စစ်ကြောင်းရှိနေပြီး မီးခိုးလုံးတွေ မြင့်တက်လာတာကို မြင်နေရတယ်လို့ အမည်မဖော်လိုတဲ့ ခင်ဦးမြို့ ဒေသခံတစ်ဦးက ဒီနေ့မွန်းလွဲပိုင်းက RFA ကို ပြောပါတယ်။

"အဲဒီစစ်ကြောင်းက ရေဦး တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတာ၊ အဲဒီကနေ ဒီနေ့ မနက်ပိုင်း ခင်ဦးဘက်ကို ကူးလာတာပေါ့၊ မနက်စောစော ဆိုတော့လေ အကုန်လုံးက အိပ်မှုန်စုံမွှားနဲ့ ပြေးကြတာ။ ဘာမှတောင် မယူလာလိုက်နိုင်ပါဘူး။ စစ်ကြောင်းက လောလောဆယ် ရွာထဲရှိနေသေးလို့ အိမ်တွေ ဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိရသေးဘူး။ အခုထိလည်း ရွာသစ်ဘက်က မီးခိုးတွေတက်နေသေးပါတယ်၊ ထွက်ပြေးနေရတာကလည်း ရွာငါးရွာဆိုတော့ ဒေသခံ သုံးထောင်ကျော်ရှိနေတယ်"

အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်မှာ တစ်ရွာဝင် တစ်ရွာထွက် နယ်မြေရှင်းလင်းရေး လုပ်နေပြီး မီးရှို့ဖျက်ဆီးနေတာလို့ သူက ပြောပါတယ်။

စစ်ကြောင်းပြန်မထွက်သေးတာမို့ ရွာသစ်ရွာက နေအိမ်ဘယ်လောက် မီးရှို့ခံရသလဲ ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ သုံးထောင်မှာ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး မကောင်းသူတွေ၊ ကလေးသူငယ်တွေလည်း ပါဝင်နေတာကြောင့် အမိုးအကာနဲ့ အသုံးအဆောင် ပစ္စည်းတချို့ အရေးပေါ်လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ဒီအခြေနေတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဟာ အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ မြို့နယ်ဖြစ်တာကြောင့် ခင်ဦးမြို့နယ်က ကျေးရွာတွေဟာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုကို မကြာခဏ ကြုံနေရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ခင်ဦးမြို့နယ်မှာ လူဦးရေ တစ်သိန်းခွဲနီးပါး နေထိုင်ပြီး အဲဒီအထဲက ၉၂ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်မှာ နေထိုင်ကြတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ အဆောက်အအုံ ခြောက်သောင်းကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ တစ်သန်းခွဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org