ခင်ဦးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ရဲနဲ့ပျူစောထီး ၁၁ ဦး သေတယ်လို့ PDF ပြော

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ ဇွန်လ ၂၂ ရက် ဒီနေ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါလာသူ ၁၁ ဦး သေဆုံးသွားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရေဦးမြို့နယ်ရဲစခန်းကနေ ရေဦး-ခင်ဦး ကားလမ်းအတိုင်း ထွက်လာတဲ့ ရဲတွေနဲ့ ပျူစောထီး တွေပါလာတဲ့ Faw ကား (Skat ကား) ကို ခင်ဦးမြို့နယ် ကံသစ်ရွာနဲ့ ဂွေးကုန်းရွာကြားမှာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) အပါအဝင် နယ်မြေခံကာကွယ်ရေး တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့က စစ်ကားနဲ့လာတာမဟုတ်ဘူး။ ဒီဘက်မှာ စပါးတွေ ဘာတွေတင်တဲ့ ဖောကားနဲ့ ပုန်းပြီးလာကြတာ။ ကျနော်တို့ လမ်းမှာတားစစ်တော့ ကားက နောက်ပြန် လှည့်ပြေးပြီး သူတို့က အရင်ပစ်တာ။ အဲဒီကနေ တိုက်ပွဲဖြစ်တာ။ တစ်နာရီလောက် ကြာတယ်”
ကားပေါ်မှာပါတဲ့ သုံးပွင့်နဲ့ ဒုရဲမှူးအပါအဝင် ၁၁ ဦးလုံး သေဆုံးသွားပြီး သေနတ် ၁၀ လက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ နှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ကူတွေလာချိန်မှာတော့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီသေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
လက်ရှိ ခင်ဦးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်သားတွေ နေ့စဉ်စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ရွာတွေကို မီးရှို့တာအပြင် ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ တွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။