ရှမ်းတောင်နဲ့ကယားမှာ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ရှစ်ဦးသေဆုံး
ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ် မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2023-03-06 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ လက်နက်ကြီးကျည်ကြောင့် ဖေဖော်ဝါရီလအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က မတ်လ ၅ ရက် မှာသတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ပင်လောင်းနဲ့ ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အရပ်သားထိခိုက်မှုအပြင် လူနေအိမ် ကိုးလုံး ၊ဆေးပေးခန်း တစ်ခု၊ ဘာသာရေး အဆောက်အအုံ လေးလုံး ပျက်စီးခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် (ခလရ-၁၀၂)၊ လွိုင်ကော်မြို့နယ် လွိုင်တမူ ၊ဖရူးဆိုမြို့နယ် အခြေစိုက် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
ဖေဖော်ဝါရီ တစ်လအတွင်းမှာ စစ်ကောင်စီနဲ့ KNDF တပ်တွေအကြား တိုက်ပွဲ ၃၅ ကြိမ် ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄၅ ဦးသေဆုံးခဲ့သလို ၁၆ ဦးဒဏ်ရာ ရခဲ့တယ်လို့ KNDFရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ KNDF ဘက်ကတော့ နှစ်ဦးသေဆုံးခဲ့တယ် လို့ ဆိုပါတယ်။
နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲတွေရဲ့ သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA ကသီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ဦးအောင်ဝင်းဦးနဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ဦးခွန်သိန်းမောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာမှာရှိတဲ့ စစ်ကောင် စီတပ်ဂိတ်စခန်းကို ကရင်နီတပ်မတော် (KA)နဲ့ KNDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။