ကင်ညာလူမျိုးတွေ မြန်မာနိုင်ငံမသွားဖို့ ကင်ညာသံရုံး သတိပေး

ကင်ညာအလုပ်သမားတွေကို မြန်မာနိုင်ငံပို့ဆောင်ဖို့ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအဖြစ် ဒုစရိုက်ဂိုဏ်းတွေက အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရသည့် ကင်ညာနိုင်ငံရှိ စျေးတစ်ခုမြင်ကွင်း။ Photo: AFP

တရုတ်လူမျိုးတွေ လည်ပတ်လုပ်ကိုင်နေတဲ့ ငွေကြေးလိမ်လည်လုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ် စေခိုင်းခံရမယ့်အရေး စိုးရိမ်ရတဲ့အတွက် ကင်ညာနိုင်ငံသားတွေ မြန်မာနိုင်ငံကို မသွားဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကင်ညာသံရုံးက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ကင်ညာလူငယ်တွေ မြန်မာနိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ လက်ကျရောက်ပြီး နှိပ်စက်ညှဉ်းပန်းခံနေရတဲ့အတွက် သူတို့ကို ကူညီကယ်ထုတ်ဖို့ ပြောကြားကြတဲ့နောက်ပိုင်း အခုလို သတိပေးချက် ထုတ်ပြန်ရတာလို့ သံရုံး တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ငွေကြေးလိမ်လည်တဲ့ အလုပ်တွေမှာ စေခိုင်းရအောင် ကင်ညာအလုပ်သမားတွေကို မြန်မာနိုင်ငံပို့ဆောင်ဖို့ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအဖြစ် ဒုစရိုက်ဂိုဏ်းတွေက အသုံးပြုနေတယ်လို့ ဘန်ကောက်မှာရှိတဲ့ ကင်ညာသံရုံးက အောက်တိုဘာလအတွင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီလို သတိပေးနေပေမဲ့ ထိုင်းမှာ အလုပ်ရမယ်လို့ ပွဲစားတွေက ပြောတဲ့အတွက် ကင်ညာတွေဟာ လစာကောင်းတဲ့ အလုပ်တွေလက်ခံနေကြပြီး မြန်မာနိုင်ငံကို ဆက်သွားနေကြဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘန်ကောက်ကနေ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က တစ်ဆင့် ကင်ညာအလုပ်သမားတွေကို မြန်မာနိုင်ငံထဲ ခိုးသွင်းသွားပြီး တစ်နေ့ကို ၁၉ နာရီ အလုပ်အခိုင်းခံရရုံတင်မက နှိပ်စက်ခံရတဲ့အပြင် ခိုင်းစေတဲ့အတိုင်းမလုပ်ရင် ကျောက်ကပ်ထုတ်မယ်လို့ ခြိမ်းခြောက်ခံရတဲ့အကြောင်း စတဲ့ အသေးစိတ်အချက်အလက်တွေကို သတိပေးချက်မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org