ကော့သောင်းမှာ တစ်ပတ်အတွင်း လူ ၃၀ ကျော်ဖမ်းဆီးခံရ
ကော့သောင်းမြို့မှာ စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း နေ့စဉ်လိုလို စစ်ဆေးမှုတွေ ပြုလုပ်ပြီး တစ်ပတ်အတွင်း အရပ်သား ၃၀ ကျော်ထိ ဖမ်းဆီးခံထားရပါတယ်။
-
RFA Burmese
2023-06-29 -
-
-
တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း နေ့စဉ်လိုလို စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဇွန်လ ၂၄ ရက်နေ့ ကနေ ၂၉ ရက်နေ့ထိ တစ်ပတ်အတွင်း အရပ်သား ၃၀ ကျော်ထိ ဖမ်းဆီးခံထားရတယ်လို့ ကော့သောင်းမြို့ခံတွေက ပြောပါတယ်။
ကော့သောင်းမြို့နယ် ရေငန်းရှိုင်ရွာက စစ်ကောင်စီတပ် ကင်းစခန်းနဲ့ ပျူစောထီး ခေါင်းဆောင်နေအိမ်ကို ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၂၂ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း အခုလို ဖမ်းဆီးမှုတွေ လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ပျူစောထီးခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တို့ သေဆုံးခဲ့ကြောင်း ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကော့သောင်းမြို့က ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပြီး အများစုက လူငယ်တွေလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“၂၄ ရက်နေ့ညက စဖမ်းတာပဲ။ ရွှေမင်းဝံရပ်ကွက်ထဲက အမျိုးသမီးငယ်တစ်ဦးကို နေအိမ်ထဲအထိ ဝင်ဖမ်းတာ။ လူကိုဖမ်းပြီးဖုန်းတွေပါ သိမ်းတယ်။ သူကနေတစ်ဆင့် အေးမြကန်သာရပ်က လူငယ်တွေကို လိုက်ဖမ်းတယ်။ တစ်ဆင့်တစ်ဆင့် လိုက်ဖမ်းတာ အဲဒီနေ့ညက သိရတဲ့စာရင်းအရ ၁၆ ယောက် အဖမ်းခံလိုက်ရတယ်။ ၂၅ ရက် ၂၆ ရက်နေ့နဲ့ ၂၇ နေ့တွေအထိ လိုက်ဖမ်းနေတုန်းပဲ။ ကြားရတာတော့ ဖုန်းတွေထဲက ဆက်သွယ်ထားတဲ့ လူငယ်တွေအားလုံး လိုက်ဖမ်းနေတာ”
ဖမ်းဆီးခံထားရတဲ့ လူငယ်တွေအားလုံးကို ကော့သောင်းမြို့၊ ခုနှစ်မိုင်မှာရှိတဲ့ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉,၂၇၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။