ကောလင်းမြို့နယ်မှာ ဒေသခံ ၂၀ အဖမ်းခံရပြီးပျောက်နေ

ကောလင်းမြို့နယ်က ဒေသခံ ၂၀ ကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် ဒီနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်နေပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Kawlin Revolution-KR

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကသစ်ကုန်းကျေးရွာနဲ့ ကြခတ်အိုက် ကျေးရွာတွေက ဒေသခံ ၂၀ ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ဒီနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်နေတယ်လို့ ကောလင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကောလင်းမြို့နယ် တောင်ဘလူကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီးနောက် ကသစ်ကုန်းရွာကို ဝင်ရောက်ပြီး ပြန်ထွက်ချိန် ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အဲဒီ ကောလင်းဒေသခံက RFA ကို ပြောပါတယ်။

“ဖမ်းခံရတာ ၂၀ လောက်ရှိတယ်။ ဖမ်းခံရတဲ့သူတွေက ကသစ်ကုန်းရွာကဟာတွေ များတယ်။ တိုက်ပွဲဖြစ်တဲ့နေ့ကပဲ စစ်ကြောင်းက ရွာထဲဝင်တယ်။ နောက်နေ့ ပြန်ထွက်တဲ့အချိန် ဖမ်းခေါ်သွားတာ။ စစ်ကောင်စီတပ်တွေက အခု ဝန်းသိုတပ်ရင်း ကိုပြန်ခေါက်တယ်။ ဖမ်းသွားတဲ့သူတွေနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်။ အဲစကစ စစ်ကြောင်းက သူတို့မိခင်တပ်ရင်းကို မရောက်သေးဘူး။ သူတို့ ဝန်သိုး ၁၂၀ တပ်ရင်းကိုပြန်ဝင်မယ်။ ကသစ်ကုန်းက စစ်ကြောင်းက ကန်ဘလူကနေ ကသစ်ကုန်းကျေးရွာ၊ ကသစ်ကုန်းကနေ ကောလင်း၊ ကောလင်းကနေ ဝန်းသိုကို ပြန်သွားနေတယ်”

ကောလင်းမြို့နယ်က သတင်းတွေကို ထုတ်ပြန်နေတဲ့ Kawlin Revolution-KR ရဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ချက်မှာ တောင်ဘလူကျေးရွာမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ခမရ (၃၆၇) က အထိနာတဲ့အတွက် ဝန်းသို တပ်ရင်း ၁၂၀ ကနေ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တစ်ကြောင်းက ကသစ်ကုန်းရွာကိုဝင်ပြီး ရွာက ဒေသခံ ၁၇ ဦးနဲ့ ကြခတ်အိုက်ရွာက ဒေသခံ သုံးဦးကို ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ဖမ်းဆီးခံသွားရတဲ့သူတွေဟာ အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ ၂၀ ဖမ်းဆီးခံရတဲ့အခြေအနေကို မေးမြန်းဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org