KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အထိရှိလာ

KNU နယ်မြေတပ်မဟာခုနစ်ခုမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒီနှစ်မတ်အထိ စစ်ဘေးဒုက္ခသည်ဦးရေ ငါးသိန်းကျော်ထိ များလာတယ်လို့ KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ဖဒိုစောတောနီး က ပြောလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ကရင်ပြည်နယ် သံလွင်မြစ်ကို ဖြတ်ပြီး စစ်ဘေးရှောင်ကြသည့် ကရင်စစ်ဘေးဒုက္ခသည်များ။ AFP

စစ်အာဏာသိမ်းပြီးချိန်ကစလို့ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ် နယ်မြေတပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒီနှစ်မတ်အထိ စစ်ဘေးဒုက္ခသည် ဦးရေ ငါးသိန်းကျော်ထိ များလာတယ်လို့ KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ဖဒိုစောတောနီး က ပြောကြား လိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ စစ်ဘေးဒုက္ခသည် သုံးသိန်းခြောက်သောင်းရှိခဲ့ရာကနေ ငါးသိန်းအထိ တိုးလာတာ ဖြစ်ပါတယ်။

KNU တပ်မဟာ ခုနစ်ခုမှာ တပ်မဟာ ၅ မူတြော်ခရိုင်နဲ့ ဒူးပလာယာ ခရိုင်တွေ မှာ နေ့စဉ် ရက်ဆက် တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာတာလို့ KNU နိုင်ငံခြားရေးဌာန တာဝန်ခံဖဒို စောတောနီးက ပြောပါတယ်။

“ ပြီးခဲ့တဲ့ ဧပြီ ၅ရက်နေ့မှာ ကျွန်တော်တို့ KNU ကနေပြီးတော့ အထူးသဖြင့် ဌာန သုံးခုပေါ့နော် KNU လူ့အခွင့်အရေး ကော်မတီရယ် နောက်ပြီးတော့ KNU နိုင်ငံခြားရေးဌာနရယ် နောက်ပြီးတော့ KNU အစည်းအရုံးဌာနလက်အောက်မှာရှိတဲ့ ပြန်ကြားရေးသတင်းဌာနပေါ့နော် အဲ့ဒီဟာတွေ သုံးခုပေါင်းပြီးတော့ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်တယ်၊ အဲ့ဒီသတင်းစာရှင်းလင်းပွဲက ဘာကို ဖော်ပြလဲဆိုတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ကနေပြီးတော့ ဒီ ၂၀၂၂ ဒီဇင်ဘာလကုန်ထိ ကြည့်လိုက်တဲ့အခါမှာ အဲ့ဒီနှစ်အတွင်းမှာ ဒီစစ်ဘေးဒုက္ခသည် အထူးသဖြင့် ဒီIDP ဦးရေဟာ သုံးသိန်းခြောက်သောင်း အထိဖြစ်သွားတယ်”

“အဲ့ဒါဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိပဲ။ ဒါပေမဲ့ ဒီနှစ်ဒီအချိန်ခါထိပြန်ပြီးတော့ ထည့်တွက်လိုက်မယ်ဆိုရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီကနေ မတ်အထိ ကျွန်တော်ကြည့်လိုက်တဲ့အခါမှာ နှစ်လ၊ သုံးလအတွင်းမှာ IDP ဦး ရေတက်သွားတာ တအားမြန်သွားတယ်။ အဲ့ဒီတုန်းက သုံးသိန်းခြောက်သောင်းကနေပြီးတော့ အခုလက်ရှိ ငါးသိန်းကျော်သွားတယ် IDP ဦးရေက ဒီလောက်အထိဖြစ်သွားပြီ။”

ပြည်တွင်းနဲ့ ထိုင်းမြန်မာ နယ်စပ်မှာ စစ်ဘေးဒုက္ခသည်ဦးရေ ပိုများလာတာကို လူမှုအဖွဲ့အစည်းတွေ နဲ့ ကြိုးစား ချိတ်ဆက် ဆောင်ရွက်မယ်လို့လည်း သူကပြောပါတယ်။

“အဲ့ဒါ ကျွန်တော်တို့ရဲ့ KNU ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့အချက်အလက်ပေါ့နော်။ ဆိုတော့ ဒီလူတွေကိုဘယ်လိုကယ်ဆယ်ရေးပေးလဲဆိုတာတော့ ကျွန်တော်တို့ရှိထားတဲ့ အရင်တုန်းက လုပ်နည်းလုပ်ဟန်နဲ့ လုပ်နေကြပုံစံအတိုင်းပဲ ဘာမှာအပြောင်းအလဲတော့မရှိဘူး ၊အဲ့ဒီဒေသမှာရှိတဲ့ CBO, CSO လူမှုအဖွဲ့အစည်းတွေကနေပဲ အထူးသဖြင့် ဒီIDP တွေ စားရေးသောက်ရေး အရေးပေါ်လိုအပ်တဲ့ ဟာတွေ သူတို့တတ်စွမ်းသဖြင့် သူတို့လုပ်ကိုင်နေကြတယ် သိသမျှ အဆက်အသွယ်တွေ အထူးသဖြင့် INGO တွေနဲ့ တစ်ခြား အလှူရှင်နိုင်ငံတွေနဲ့ သူတို့ချိတ်ဆက်ပြီးတော့ လုပ်နေတဲ့အပိုင်းတွေအများကြီးရှိတယ် လုပ်လည်း လုပ်နေပါတယ်။”

၂၀၂၁ ခုနှစ်က ကရင်ပြည်နယ်၊ မြဝတီမြို့မှာတွေ့ရသည့် ကရင်စစ်ဘေးဒုက္ခသည်များ။ (Photo:AFP)

"တော်တော်လေးလည်း ခရီးရောက်တယ်လို့ပြောလို့ရသလို တစ်ခါထပ်ပြီးပြောရမဲ့ဟာက ဘာပြဿနာရှိလာလဲဆိုတော့ IDP ရဲ့ဦးရေက မကြုံစဖူးအောင် ဒီလိုများပြားလာတဲ့အခါကျတော့ မနိုင်မနင်းဖြစ်မှုတွေ တွေ့လာရတယ်ဆိုတာ ဒါတကယ်ဖြစ်ရှိ့နေတဲ့အခြေအနေပါပဲ။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ လက်ရှိမှာ ရှိသားပြီးသားပုံစံနဲ့ ကျွန်တော်တို့ အဲ့ဒီနယ်စပ်ဖြတ်ကျော်ပြီးတော့ ပေးတာမကဘဲနဲ့ ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ ထိရောက်မှုရှိအောင် ကျွန်တော်တို့ KNU ဘက်ကလည်း နည်းလမ်းတွေရှာတုန်းပဲ။ ကြိုးလည်းကြိုးစားနေပါတယ်။ ဒါပေမဲ့ အခုထက်ထိ အထမမြောက်သေးဘူး၊ လက်ရှိကာလမှာတော့ ကျွန်တော်တို့ အဲ့ဒီ လူမှုအဖွဲ့အစည်းကနေတော့ သူတို့တတ်စွမ်းသရွေ့တော့ အစွမ်းကုန်ကြိုးစားနေတာ ကျွန်တော်တို့ပြောလို့ရတယ်။ လိုအပ်ချက်တွေကတော့အများကြီး ရှိပါသေးတယ် ကြိုးလည်းကြိုးစားနေပါတယ်။”

ပြီးခဲ့တဲ့ ဧပြီ ၂၉ရက် နဲ့ ၃၀ရက်အတွင်း မြဝတီမြို့နဲ့ ခုနစ်မိုင်လောက် ဝေးတဲ့ မဲကနယ်ကျေးရွာအုပ်စုမှာ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ကတစ်ဖက်၊ စစ်ကောင်စီနဲ့ BGF ကတစ်ဖက် တိုက်ပွဲ ဖြစ်ပွားပါတယ်။ ဒီအတွက် မဲကနယ်ကျေးရွာအုပ်စုက မိသားစု ၁၀၀ လောက် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့နားက ပလောတပို့ စစ်ဘေးရှောင်စခန်းကို ထပ်ရောက်ရှိလာပါတယ်။ အရင်က စာရင်းနဲ့ ပေါင်းရင် စစ်ဘေးဒုက္ခသည် မိသားစု ၁၀၀၀ လောက် အထိဖြစ်လာပြီး စားသောက်စရာ နေရာထိုင်ခင်း လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း မှာ စေတနာ့ဝန်ထမ်း ကူညီလုပ်ဆောင်နေတဲ့စခန်း တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“ညဘက်တော့ တိုက်ပွဲတွေ စဖြစ်နေတာပေါ့ ည ၈:၃၀ နာရီခွဲလောက်မှာ အသံကြားရတာပေါ့။ ဒီဘက်ခြမ်း မှာ ထပ်ကြားရတာက ည ၁၀:၃၀ နာရီလောက်မှာပဲ ဟုတ်တယ် တိုက်ပွဲကတော့ ညကတည်းက ဖြစ်နေတာ မနက်အထိတော့ အသံတော့ ကြားနေရတာပေါ့ အခုဖြစ်တဲ့ အဖွဲ့တွေက မြဝတီဘက် BGF အဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ပစ်တာပေါ့။ စစ်ကောင်စီဘက်ကလည်း အကျအဆုံး များတယ်လို့ ကြားထားတယ်။ ဒီဘက်ခြမ်းက PDF အဖွဲ့တွေလည်း နည်းနည်းထိတယ်လို့ ကြားတယ်၊ BGF ကတော့ ညက အယောက် ၁၀၀ တက်လာတာပေါ့ မနက်မှာလည်း ၁၀၀ ထပ်တက်လာတယ်လို့ ကြားတယ် အခု ကျွန်တော်တို့ စစ်ရှောင်စခန်းမှာလည်း မဲကနယ်ဘက်ခြမ်းက လူတွေလည်း ဒီဘက်ခြမ်းမှာ ၁၀၀ နီးပါး လောက်တော့ ပြန်ပြောင်းလာတယ်။ အခုဆိုရင်တော့ အယောက် ၁၀၀၀ လောက်ရှိပြီး။ သူတို့အတွက် လိုအပ်တာတွေကို တော့ ပြန်ပြီးပေးနေရတာပေါ့ အကူအညီကလည်း အခု လှူမယ့်သူကလည်း နည်းနည်းပါးသွားတော့ ရှိတာလေးနဲ့ပဲ မျှပြီးတော့ နေနေရတာပေါ့။”

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီကြားတိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ကရင်ပြည်နယ် သံလွင်မြစ်ကို ဖြတ်ပြီး စစ်ဘေးရှောင်ကြသည့် ကရင်စစ်ဘေးဒုက္ခသည်များ။ (Photo:AFP)

ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ ၆ နယ်မြေ ဒေါနတောင် အရှေ့ခြမ်းက ထိုင်းမြန်မာနယ်စပ် မြဝတီ ၊လေးကေကော်၊ သေ့ဘောဘိုး၊ လော်ခေါ်၊ ဝေါလေ ၊ ကနဲလေး၊ ထီးသဲဘလယ်ဒေသက ကျေးရွာပေါင်း ၃၀ လောက်က စစ်ဘေးဒုက္ခသည် ၁၅၀၀၀ ကျော် ရှိ နေသေးတယ်လို့နယ်စပ် စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

ဒီစစ်ဘေးရှောင်နေရသူတွေ နဲ့ ပတ်သက်လို့ မြဝတီ စစ်ကောင်စီအုပ်ချုပ်ရေးမှုး ဦးသက်လွင်နဲ့ ကရင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မျိုးမင်းနောင်ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဧပြီနဲ့မတ်လအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတဲ့ အတွက်မဲကနယ်ဒေသ ကျောက်တောင် ၊ကျောက်မိုင်း၊ တုံးတံတား၊ ရွှေမြစန္ဒီ ကွက်သစ်နဲ့ ပွင့်လင်းအေးမြိုင် ကျေးရွာ၊ ကျောက်ဂူတစ်ထောင်ဘုရားကုန်းက ဒေသခံ ၃၀၀၀ လောက် စစ်ဘေးရှောင်နေရပါတယ်။

ဒီလူတွေဟာ မြဝတီမြို့က ဘုန်းကြီးကျောင်းတွေ၊ ဖားချောင်း၊ရွာသစ်ကုန်းဘက်က ဘုန်းကြီးကျောင်းတွေမှာ ယာယီ ဆက်လက်ခိုလှုံနေရတယ်လို့ စစ်ဘေးရှောင်တွေအရေး အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org