ကနီနဲ့ ကလေးမြို့မှာ မိုးရွာလို့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး ဒုက္ခရောက်နေ
ကလေးမြို့နဲ့ ကနီမြို့နယ်မှာ မိုးရွာသွန်းခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ အမိုးအကာတွေအပြင် စားနပ်ရိက္ခာတွေပါ ပျက်စီးပြီး အခက်အခဲတွေ ကြုံနေရပါတယ်။
-
RFA Burmese
2023-03-22 -
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ကနီမြို့နယ်မှာ မတ်လ ၂၀ နဲ့ ၂၁ ရက်နေ့က မိုးရွာသွန်း ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ အမိုးအကာတွေအပြင် စားနပ်ရိက္ခာတွေပါ ပျက်စီးပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကနီမြို့နယ်ထဲမှာ မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ လေပြင်းတိုက်တာ၊ မိုးရွာတာနဲ့ မိုးသီးကြွေကျတာကြောင့် စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ အမိုးအကာတွေပျက်စီးခဲ့ရပြီး လက်ရှိ အမိုးအကာမပါဘဲ နေထိုင်နေရတယ်လို့ ကနီဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မိုးက နှစ်ရက်ရွာတာ၊ ကနီနယ်ထဲက စစ်ဘေးရှောင်စခန်းတချို့နဲ့ တခြားဒေသ ယင်းမာပင်ဘက်ကနေပြီး စစ်ဘေးရှောင်တွေ အခက်အခဲဖြစ်သွားတာပေါ့။ တချို့စစ်ဘေးရှောင်တွေက ရုတ်တရက် ထွက်ပြေးလာကြရတာ ဆိုတော့ အမိုးမပါ၊ အကာမပါနဲ့ မိုးရွာထဲမှာ တော်တော်ခက်ခက်ခဲခဲနေရတာ”
မိုးရွာသွန်းမှုကြောင့် စားနပ်ရိက္ခာတွေပါ ပျက်စီးခဲ့လို့ နေထိုင်ရေးအပြင် စားနပ်ရိက္ခာအတွက်ပါ အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ကနီမြို့နယ်ထဲက နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် မီးဘေးသင့် စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် တောထဲမှာ စစ်ဘေးရှောင်နေရတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။
အလားတူ ကလေးမြို့နယ်တောင်ပိုင်းက ရွာတချို့မှာလည်း မိုးရွာသွန်းခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ အမိုးအကာတွေ ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
လက်ရှိမှာတော့ အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ နေရာရွှေ့ပြောင်းပြီး နေထိုင်ဖို့ ပြင်ဆင်နေရပြီလို့ ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရွာတွေက စစ်ဘေးဒုက္ခသည်တွေ အပြင် စစ်ကောင်စီကို ထောက်ခံတဲ့ရွာတွေကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်ပါ စုစုပေါင်း တစ်ထောင်ကျော်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။