ကလေးက စစ်ဘေးဒုက္ခသည်တွေ အရေပြားကူးစက်ရောဂါဖြစ်နေ

ကလေးမြို့နယ် တောင်ပိုင်းကျေးရွာတွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကလေး တစ်ရာခန့် အရေပြား ကူးစက်ရောဂါဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းကျေးရွာတွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကလေး တစ်ရာခန့် အရေပြား ကူးစက်ရောဂါဖြစ်နေပြီး ဆေးကုသဖို့ အကူအညီတွေလိုအပ်တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည် အကူအညီ ပေးနေသူတွေက RFA ကို ပြောပါတယ်။

မိုးရာသီမှာ သောက်သုံးရေ မသန့်ရှင်းတာ၊ ဝတ်စရာမရှိလို့ မခြောက်တဲ့ အင်္ကျီတွေကို ဝတ်နေကြတာတွေကြောင့် အရေးပြားရောဂါဖြစ်တာလို့ စစ်ဘေးဒုက္ခသည်တွေကို ဆေးကုသမှုပေးနေတဲ့ ဒေါက်တာ ဂျိုးဆက်က RFA ကို ပြောပါတယ်။

"ဖြစ်တာတော့ ကလေးတွေ ဖြစ်တာများတယ်။ ကျွန်တော်တို့ ဆေးခန်းမှာ ဆိုးဆိုးဝါးဝါးဖြစ်လို့လာပြတဲ့ ကလေးက ခုနစ်ဆယ်ကျော်ရှိမယ်၊ အဲဒါ ရွာဘက်မှာ ဖြစ်တဲ့ဟာ မပါသေးဘူး။ ဖြစ်တာတော့ လူဦးရေအားဖြင့် တစ်ရာလောက်ရှိမယ်"

ကလေးမြို့က ဆေးဆိုင်တွေမှာလည်း ဆေးဝါးပြတ်လပ်မှုနဲ့ ဈေးကြီးမြင့်မှုတွေကြောင့် အရေးပြားရောဂါဖြစ်တဲ့ ကလေးတွေကို ဆေးကုသပေးဖို့ အခက်အခဲဖြစ်နေတယ်လို့ ကျန်းမာရေး စောင့်ရှောက်ကူညီပေးနေသူတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေး၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဇူလိုင်လနဲ့ ဩဂုတ်လမှာလည်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ကြောင့် နေအိမ်မီးရှို့ခံရလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲခန့်ရှိတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org