ကချင်ပြည်နယ်နေ့ အခမ်းအနား သမ္မတ ဦးသိန်းစိန် သဝဏ်လွှာပို့

နှစ်ပေါင်းခြောက်ဆယ်ကျော် လက်နက် ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့ရတဲ့ အတွေ့ အကြုံတွေကို သင်ခန်းစာယူပြီး လက်ရှိ အချိန်မှာ တိုင်းရင်းသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ကချင်ပြည်နယ်နေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျရောက်တဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို ဖတ်ကြားနေစဉ် Photo: Kyaw Myo Min/ RFA

နှစ်ပေါင်းခြောက်ဆယ်ကျော် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့ရတဲ့ အတွေ့အကြုံ တွေကို သင်ခန်းစာယူပြီး လက်ရှိအချိန်မှာ တိုင်းရင်းသားအားလုံး အတူယှဉ်တွဲ နေထိုင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ်နေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက  ဖတ်ကြားခဲ့ပါတယ်။

"လွတ်လပ်ရေးရပြီးချိန်မှစပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ရိုက်ခတ်မှုကြောင့် လက်နက်ကိုင်ပဋိပက္ခများကို မိမိတို့ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်၊ ယနေ့အချိန် အခါကာလသည် ထိုကဲ့သို့မလိုလားအပ်သော အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် တိုင်းရင်းသားညီအကိုမောင်နှမများ အတူတကွယှဉ်တွဲ နေထိုင်နိုင်ရန် လက်တွဲဖော်ဆောင်ရမည့် အချိန်အခါဖြစ်ပါသည်"

ဒါ့အပြင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ကာလရှည်ကြာစွာ ဖြတ်သန်းခဲ့ရကြောင်း၊ အခုအခါ ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ကချင်ပြည်နယ် ကောင်စီအစည်းအဝေးမှာ ကချင်ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ခဲ့မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ရှမ်း၊ ကချင်စတဲ့ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

မနှစ်ကတော့ ၆၇ နှစ်မြောက်ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်မှာ မနောပွဲတော်နဲ့အတူပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနား ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org