ကချင်ပြည်နယ်အရေး အမျိုးသား လွှတ်တော်မှာ ဆွေးနွေးခွင့်ပြုမည်
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အမျိုးသားလွှတ်တော်မှာ အဆိုတစ်ခု တင်သွင်းမယ်လို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က မနေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားစဉ်မှာ သတင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
-
2013-01-15 -
-
-
"ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အဆိုကို စတုတ္ထအကြိမ်မှာ တင်ထားတယ်၊ ဆွေးနွေးခွင့်ပြုလိုက်ပြီဆိုတော့ အမျိုးသားလွှတ်တော် စတဲ့နေ့မှာ ဆွေးနွေးဖို့ရှိပါတယ်၊ စတုတ္ထပုံမှန် အစည်းအဝေးတုန်းကတော့ နိုင်ငံတော်သမ္မတ ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးကို ကြိုးစားနေတဲ့အချိန်ဆိုတော့ ခဏလေးဆိုင်းပေးပါအုံးဆိုလို့ ဆိုင်းပေးခဲ့တယ်၊ အခုအရေးအကြီးဆုံးအချိန်မှာ ဆွေးနွေးခွင့်ရလာတယ်"
လာမယ့် ပဉ္စမအကြိမ်မြောက် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးမယ့်အဆိုနဲ့ ပတ်သက်ပြီး ဦးခက်ထိန်နန်က RFA ကို အခုလိုပြောပါတယ်။
"အစကလက်နက်ငယ်နဲ့ တိုက်ခိုက်တာဆိုတော့ ငြိမ်းချမ်းရေးရအောင်ဆိုပြီး ကြိုးစားပြီးဆွေးနွေးတယ်၊ ဆွေးနွေးရင်းနဲ့ လက်နက်ကြီးဖြစ်လာတယ်၊ နောက်တော့ ဟက်စကီး၊ ဟက်စကီးကနေ တိုက်လေယာဉ်တွေဖြစ်လာတယ်၊ ကျွန်တော့်အမြင်ကတော့ အစိုးရနဲ့ KIA/ KIO တို့က ထိပ်တိုက်ဆွေးနွေးရင် ပဋိပက္ခတွေပိုပြီးကြီးလာမယ်၊ အဲဒီတော့ နှစ်ဖက်လုံးက လေးစားတဲ့ယုံကြည်အားကိုးထိုက်တဲ့ လူတွေပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွေနဲ့ ဆွေးနွေးရင် ပိုအစဉ်ပြေမယ်"
ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၁ရက်နေ့ကလည်း မြစ်ကြီးနား မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ KIO/KIA ကို တိုက်တွန်းချက် တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။