ဗကသ ကျောင်းသားအဖွဲ့ ကချင်ဒုက္ခသည်တွေကို ကူညီ

နယ်စပ်ဒေသရောက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အဖွဲ့ဝင် ၆ ယောက်ဟာ ခရီးစဉ်နောက် ဆုံးနေ့အဖြစ် တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်စခန်းတွေကို မနေ့က အကူအညီတွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။

နယ်စပ်ဒေသရောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အဖွဲ့ဝင် ၆ ယောက်ဟာ ခရီးစဉ်နောက်ဆုံးနေ့အဖြစ် တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်စခန်းတွေကို မနေ့က အကူအညီတွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။

မတ်လကုန်ပိုင်းကမှစတင်ပြီး တရုတ်မြန်မာနယ်စပ်ကိုရောက်ရှိနေတဲ့ ဗကသ ကျောင်းသားအဖွဲ့ဝင်တွေဟာ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီခဲ့သလို ကျောင်းတက်ခွင့်မရတဲ့ ကေအိုင်အိုဒေသအတွင်းရှိ ကျောင်းသူကျောင်းသားတွေအရေးနဲ့ ပတ်သက်ပြီး လေ့လာဆွေးနွေးခဲ့ကြတယ်လို့အဖွဲ့ရဲ့ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို ပြောပါတယ်။

"ခုဆိုရင် မန်ဝိန်ကြီးကျေးရွာက ဖာသာ ခါးလီ စောင့်ရှောက်ထားတဲ့ ဒုက္ခသည်စခန်းတွေပေါ့၊ အဲ့ဒီဘေးပတ်ဝန်းကျင်ရွာက အများကြီးပဲလာတာဆိုတော့ အားလုံးပေါင်း အယောက် ၃၀၀၀ ကျော်လောက်ရှိတယ်၊ အဲဒါကျနော်တို့   အဝတ်ထုတ် ၃ ပေ ၄ ပေရှိတဲ့ ဆာလာအိတ်တွေနဲ့ အထုတ်ပေါင်း ၅၀ ကျော်လှူဒါန်းခဲ့တယ်၊ နောက်အလှူငွေ ၃ သိန်းလှူဒါန်းခဲ့တယ်၊ ကေအိုင်အေ လက်အောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုတော့ ကျနော်တို့ တစ်စခန်းကို အလှူငွေ ၃ သိန်းလှူဒါန်းခဲ့တယ်၊ နောက်ကချင်ကျောင်းသားတွေ ပြည်မက ဘယ်ကျောင်းမှ တက်ခွင့်မရတဲ့ အသိအမှတ်ပြုမခံရတဲ့ ကျောင်းသားတွေ ရှိတယ်၊ အဲဒါကို ကျနော်တို့က ရန်ကုန်ပြန်ရောက်ရင် သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ နောက်အစိုးရကို ဖိအားပေးဖို့အတွက် သတင်းမီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်မယ်"

သူတို့အဖွဲ့ဟာ လိုင်ဇာအနီးရှိ ဂျယ်ယန်၊ ဖုံလုံယန်နဲ့ ဝယ်ကြိုင် ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီခဲ့ကြတာဖြစ်ပါတယ်။

သူတို့အကူအညီပေးခဲ့တဲ့ အဝတ်အစားနဲ့ ငွေကြေးတွေဟာ ရန်ကုန်မြို့မှာ အလှူခံရရှိခဲ့တာတွေဖြစ်ကြောင်းလည်း ကိုမင်းသွေးသစ်က ပြောပါတယ်။

"ကျနော်တို့ ဗကသအဖွဲ့ချုပ်က ရန်ကုန်တောင်ပိုင်းခရိုင်က ဗကသတွေ၊ နောက်တခြားသမဂ္ဂတွေ ရောပေါင်းပြီး ရန်ကုန်ရဲ့ မြို့နယ်လမ်းတွေမှာထွက်ပြီးတော့ လက်ကိုင်စပီကာတွေနဲ့ အော်ပြီးတော့ ကျနော်တို့ ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက်ကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အဝတ်အထည်တွေ၊ အလှူငွေတွေ၊ ဆေးဝါးတွေ လှူဒါန်းလို့ရပါတယ် ဆိုပြီးတော့ ကျနော်တို့ကျောင်းသားတွေ လမ်းပေါ်မှာပဲ အလှူခံတယ်၊ နောက်တစ်ချက်က ပြီးခဲ့တဲ့ ၆ လပိုင်းက ရန်ကုန်မှာရှိနေတဲ့ ရှော့ပင်းစင်တာတွေမှာ စစ်ဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေးသီချင်းတွေဆိုပြီးတော့ အလှူခံထွက်တယ်၊ ရလာတဲ့အလှူငွေတွေကို ပထမဆုံးအနေနဲ့ ဗန်းမော်ခရိုင် ကျောင်းသားသမဂ္ဂနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ အလှူငွေလွှဲလိုက်တယ်၊ ဒီတစ်ခေါက်က ကျနော်တို့ ကိုယ်တိုင်လာတဲ့ ရည်ရွယ်ချက်က ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်လည်းပါတယ်"

ဗကသအဖွဲ့ဝင်တွေဟာ  ကူညီရေးအစီအစဉ် ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မနေ့ကညနေမှာ မူဆယ်မြို့ကနေ မန္တလေးကို ပြန်သွားကြပါပြီ၊ ဒီခရီးစဉ်အတွေ့အကြုံနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိတဲ့အခါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့လဲဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org