ကချင်တိုက်ပွဲများကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ဒုက္ခသည်ဦးရေးတိုးလာ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်း ပတ်ဝန်းကျင်ကျေးရွာ တဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေအကြား လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လုံးခင်းနဲ့မှော်စီစာကျေးရွာက ကယ်ဆယ်ရေးစခန်း ၇ခုမှာ လာရောက် ခိုလှုံကြတာကြောင့် ဒုက္ခသည်တွေ နှစ်ဆခန့် ပိုတိုးလာပါတယ်။
-
2013-01-15 -
-
-
ဒီရက်ပိုင်းမှာ စစ်ပွဲအရှိန်အဟုန် ပိုမြင့်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားတဲ့အတွက် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးစေချင်တယ်လို့ လုံးခင်းဒေသက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေပြီး ဖားကန့်ကျောက်စိမ်းတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇေယျာက RFA ကို အခုလို ပြောပါတယ်။
"ကချင်ပြည်နယ် ဖာကန့် လုံးခင်းကျေးရွာအုပ်စုမှာ အစိုးရစစ်တပ်နဲ့ KIA စစ်တပ်တို့ ၁၃ရက်နေ့ မနက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လမ်းတွေပိတ်ထားပါတယ်၊ ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေ အိမ်ပြန်လို့မရဘူးဖြစ်နေပါတယ်"
အဲ့ဒီဒုက္ခသည်တွေကို လုံးခင်းဒေသခံရပ်မိရပ်ဖတွေ၊ ဈေးသူဈေးသားတွေ၊ ကျောက်သမားတွေနဲ့ စေတနာရှင်ပြည်သူတွေက ဟင်းသီးဟင်းရွက်၊ ဆန်နဲ့ အလှူငွေ စုစုပေါင်း ၂၅သိန်းခန့် လှူဒါန်းခဲ့တယ်လို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ လုံးခင်းကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်စိုးက RFA ကို ပြောပါတယ်။
"မနက်က လက်နက်ကြီးသံတွေကြားလို့ စာသင်ကျောင်းတွေကို နေ့လည်ကပဲ ပိတ်လိုက်ပါတယ်၊ ဗျူဟာကုန်းနဲ့လည်း နီးတယ်လေ၊ ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာ စားနိုင်သောက်နိုင်အောင် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်"
နယ်မြေမလုံခြုံတဲ့အတွက် ကထန်၊ ဆန်ခါ၊ မားဆား၊ ကုဋေမှော်၊ မဇွပ်ယန် စတဲ့ ရွာတွေဘက်က ဒေသခံပြည်သူတွေဟာ လုံးခင်းနဲ့ မှော်စီစာကျေးရွာက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေက ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံနေကြတာ အခုဆို လူဦးရေတစ်ထောင်ကျော်ရှိပြီလို့ သိရပါတယ်။