တိုက်ပွဲတွေကြောင့် ဒေသဖံ့ွဖြိုးရေးလုပ်ငန်း အနှောင့်အယှက်ဖြစ်
ကချင်ပြည်နယ်က ဒေသတချို့မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အစိုးရရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အနှောင့် အယှက်ဖြစ်စေတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဒီနေ့ ပြောပါတယ်။
-
2018-02-05 -
-
-
ကချင်ပြည်နယ်က ဒေသတချို့မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အစိုးရရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အနှောင့်အယှက်ဖြစ်စေတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဒီနေ့ ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးအပြီးမှာ တနိုင်းနဲ့ ဆွမ်ပရာဘွမ်ဒေသက အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဖြေကြားခဲ့ တာဖြစ်ပါတယ်။
"အများကြီး အနှောင့်အယှက်ဖြစ်တာပေါ့ဗျာ။ ဒီတော့ ကျနော်တို့က ငြိမ်းချမ်းရေးကို မရ ရအောင် လုပ်ရမှာဖြစ် တယ်နော်။ ကျနော်တို့က ဒီဖွံ့ဖြိုးရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ပြီးတော့ ငြိမ်းချမ်းရေးကို တဖက်တလမ်း အထောက်အကူပြုတဲ့ ဒီနည်းလမ်းအတိုင်းပဲ သွားဖို့ရှိတယ်။ ငြိမ်းချမ်းရေးမရချင်း ဒီပြဿနာမျိုးက အမြဲတမ်း ကြုံတွေ့နေရဦးမှာပဲ။ ဒီတော့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ အားလုံးဆောင်ရွက်ထားပြီးသား ဖြစ်တယ်ဆိုတဲ့ဟာကိုပဲ ဖြေကြားလိုပါတယ်"
ငြိမ်းချမ်းရေးမရမချင်း အဲဒီလိုပြဿနာတွေ ကြုံတွေ့နေရမှာဖြစ်တာကြောင့် လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စတွေ မှာလည်း သက်ဆိုင်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကြက်ခြေနီ စတဲ့ အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက တနိုင်း-ဟူးကောင်းဒေသနဲ့ ဆွမ်ပရာဘွမ်ဒေသဘက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးအခြေအနေတွေအတွင်း လက်နက်ထိမှန်မှု၊ မိုင်းနင်းမိမှုတွေကြောင့် လူတချို့ ထိခိုက်သေဆုံးခဲ့ပါတယ်။
အလားတူ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ အစိုးရတပ်မတော်က စစ်ဆင်းရေးမလုပ်နိုင်အောင်ဆိုပြီး ကေအိုင်အေက လမ်း၊ တံတားနဲ့ စက်ယန္တရားတချို့ကို ဖျက်ဆီးခဲ့တာကြောင့် ဆွမ်ပရာဘွမ်နဲ့ ပူတာအိုဒေသတွေမှာ အခြေခံကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီဈေးတွေ ဈေးမြင့်တက်သွားတယ်လို့ သိရပါတယ်။