ကချင်ပြည်နယ်ငြိမ်းချမ်းရေး အစိုးရဝန်ထမ်း ပါဝင်လက်မှတ်ရေးထိုး

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တောင်းဆိုလွှာမှာ ဖားကန့်ဒေသခံတွေရဲ့စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရလာပြီဖြစ်ပြီး ဖားကန့်အပြင် မိုးကောင်း၊ ခန္တီး၊ နမ္မတီး စတဲ့ဒေသတွေကပါ ပူးပေါင်း လက်မှတ်ရေးထိုးကြမယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကို ပြောပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ရန်ကုန်မြို့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ RFA

"အခုကတော့ သောင်းဂဏန်း ရနေပြီပေါ့၊ အဲဒီဒေသလေးဆိုတော့၊ ဒါအားရစရာ ကောင်းပါတယ်။ သောင်းဂဏန်း နီးနေပြီလို့ ကျွန်တော်တို့ကို အကြောင်းကြားပါတယ်။ မိုးကောင်းတို့၊ ခန္တီးတို့၊ နမ္မတီးပါ။ အဓိကမှာ နမ္မတီး အဲဒီဒေသတွေကလည်း ဆက်ပြီးတော့ ပူးပေါင်း ပါဝင်ကြမယ်ဆိုပြီးတော့ ကျွန်တော်တို့ ရောက်တဲ့နေရာတိုင်းမှာ သတင်းပေးပါတယ်။ အကုန်လုံးက ဆက်စပ်နေတယ်။ နောက်ဆို ကျွန်တော်တို့ တတ်နိုင်ရင် ကချင်ပြည်နယ် တစ်ခုလုံး၊ ပြည်ထောင်စု တစ်ခုလုံးအတွက်ပါ လုပ်ကြရဦးမှာပါ"

လတ်တလောအနေနဲ့ စုပေါင်းလက်မှတ်ရေးထိုးမှုကို ဖားကန့်ဒေသမှာ နေ့စဉ်လှုပ်ရှားနေကြပြီး အစိုးရဝန်ထမ်းတွေကပါ ပူးပေါင်း ပါဝင်လာနေတယ်လို့ သိရပါတယ်။

စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ စာကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို တို့ကိုလည်း ပေးပို့မှာဖြစ်ပြီး လာမယ့်နှစ်ပတ်အတွင်း ပေးပို့ဖို့ ဆန္ဒရှိတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org