ဖားကန့်မှာ စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော်ကိုဖမ်းဆီးထား
ဖားကန့်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံအယောက် ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
-
RFA Burmese
2023-02-28 -
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဗစ်ခူးကျေးရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညနေပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံအယောက် ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း သွားလာနေချိန်မှာ မိုင်းလေးလုံး ဖောက်ခွဲခံရပြီးနောက် ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးခဲ့တာလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ညနေလေးနာရီကျော်လောက်မှာ စစ်ကောင်စီတပ်တွေ သွားနေတဲ့အချိန်မှာ မိုင်းလေးလုံး ခွဲခံရတာ။ အဲဒါပြီးနောက် လမ်းသွားလမ်းလာတွေကို ဖမ်းတယ်။ ဒီနေ့အထိ ပြန်မလွှတ်သေးဘူး။ အခုလည်း ရှဗစ်ခူးကျေးရွာကို တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေတယ်”
မိုင်းခွဲတိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဒေသခံတွေနဲ့ ရေမဆေးကျောက်ကောက်တဲ့ပြည်သူတွေ ဖြစ်တယ်လို့လည်းပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့အတွက် ကျေးရွာရပ်မိရပ်ဖတွေက တဆင့် ကြိုးစားနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးကို ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဖားကန့်မြို့နယ် ရှရော်ခကျေးရွာနဲ့ ရှဗစ်ခူးကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေ ရောက်နေတာ ငါးရက်လောက်ရှိပြီဖြစ်ပြီး အခုရက်ပိုင်း ကျောက်စိမ်းတူးဖော်တဲ့ စက်ယန္တရားတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့လည်းပြောပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း မှော်စီစာကျေးရွာမှာ ရေမဆေးကျောက်ရှာသူတွေ အပါအဝင် ဒေသခံ အမျိုးသား ၂၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။