လက်နက်ကြီး ကျည်ကြောင့် ဖားကန့်ဒေသ ရွာသား ၃ ဦးသေဆုံး

မနေ့ညက ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ မှော်မောင်းကုန်း ကျေးရွာမှာ လက်နက်ကြီး ကျည်ဆံတွေ ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံ ၃ ဦး သေဆုံးတယ်လို့ သိရှိရပါတယ်။

မနေ့ည ၁၀ နာရီ ပတ်ဝန်းကျင်လောက်က ဖားကန့်မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မှော်မောင်းကုန်း ကျေးရွာဘက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက်ပိုင်း ဖားကန့် ဗျူဟာကုန်းဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျည်ဆံတွေ မှော်မောင်းကုန်း ကျေးရွာထဲ ကျရောက် ပေါက်ကွဲပြီး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီ အဖြစ်အပျက်ကြောင့် ဖားကန့်စစ်ဘေး ကယ်ဆယ်ရေး စခန်းတွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းတွေ အတွင်းက သက်ဆိုင်ရာ ရပ်ရွာတွေမှာ ပြန်လည်အခြေချ နေထိုင်စပြုနေတဲ့ ဒေသခံ ပြည်သူတွေကြားမှာ စိုးရိမ် ကြောက်လန့်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

လက်နက်ကြီး ပေါက်ကွဲ ထိမှန်မှုကြောင့် သေဆုံးခဲ့တဲ့ မှော်မောင်းကုန်း ကျေးရွာသား ၃ ဦးကတော့ ကိုဂွမ်ရော်တန်ဂွန်း၊ ကိုလကီးတူးအောင် နဲ့ ကိုမဂေါင်နော်ဆန် တို့ဖြစ်ပြီး ဒဏ်ရာရသူ ၃ ဦးကတော့ ကိုဆဂါ့လဂျာ၊ အသက် ၁၉ နှစ်အရွယ် ဖြစ်တဲ့ မောင်လဖိုင်ဇိုင်းလတ်အောင်နဲ့ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ မောင်လရန်ဘရန်ဆိုင်းတို့ ဖြစ်ကြောင်း ရွာသားတွေက ပြောပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org