စီးပွားရေး အဆင်မပြေမှုကြောင့် တရားမဝင်လုပ်ငန်းတွေ ရှိနေကြောင်းပြော

ကချင်ပြည်နယ်မှာ စီးပွားရေးအဆင်မပြေတာကြောင့် ဘဝရပ်တည်ရေးအတွက် တရားဝင်ရော၊ တရားမဝင်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေကြတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က ဒီနေ့ ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်မှာ စီးပွားရေးအဆင်မပြေတာကြောင့် ဘဝရပ်တည်ရေးအတွက် တရားဝင်ရော၊ တရားမဝင် လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေကြတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က ဒီနေ့ ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောတာဖြစ်ပါတယ်။

"အလုပ်လက်မဲ့ပေါ့လေ။ စီးပွားရေးမပြေလည်လို့။ မပြေလည်တဲ့အခါကြတော့ အခုလက်ရှိအနေ အထားအရ ကျနော်တို့ဆီမှာ တရားဝင်တာတွေရော၊ တရားမဝင်တာရောအားလုံး လုပ်ကိုင်နေပြီးတော့ ဘဝရပ်တည်ရေးကို လုပ်နေတာကိုတွေ့ရတယ်။ ပြည်သူတွေက။ ဥပမာ ပယင်းတူးမယ်။ တရားမဝင် ဘူး။ တရားမဝင်ရွှေတူးမယ်။ သစ်မှောင်ခိုလုပ်မယ်။ ကျောက်စိမ်းမှောင်ခိုလုပ်မယ်။ စသဖြင့်ပေါ့လေ။ နောက်ဆုံး အဆိုးဆုံးပြောရရင်တော့ မူးယစ်ဆေးဝါးပါပါတယ်ပေါ့"

တရားမဝင်ကိစ္စတွေကို ဥပဒေအရ ဆောင်ရွက်တဲ့အခါ ဒေသအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ အတွက် စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေအပေါ် မူတည်ပြီး လုပ်ကိုင်နေရကြောင်း ဒေါက်တာခက်အောင် က ဆိုပါတယ်။

ဒီနေ့ တေ့ွဆုံပွဲမှာ တိုင်းပြည်အတွက်အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါ အစိုးရဌာန ဆိုင်ရာတွေက ဖြေလျှော့ညှိနှိုင်းဆောင်ရွက်ပေးရမယ့်ကိစ္စတွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေဘက်က မျှတမှန် ကန်စွာလုပ်ကိုင်ရမယ့်ကိစ္စတွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။

တွေ့ဆုံပွဲကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန အဆင့်မြင့် အရာရှိကြီးတွေ၊ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကချင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေနဲ့ စီးပွားရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org