ကချင်တောင်တန်းမှာ အခမဲ့ဆေးကုပေးသူတွေ ဆေးဝါးပြတ်လပ်နေ
ဆေးရုံဆေးခန်း လက်လှမ်းမမီတဲ့ ကချင်ပြည်နယ် တောင်ပေါ်ဒေသတွေမှာ အခမဲ့ကူညီနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးအဖွဲ့ဟာ ကုန်စျေးနှုန်းနဲ့ အလှူငွေအခက်အခဲကြောင့် ဆေးဝါးပြတ်လပ်နေတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-07-07 -
-
-
ကချင်ပြည်နယ်က ဆေးရုံဆေးခန်းတွေ လက်လှမ်းမမီတဲ့ တောင်ပေါ်ဒေသတွေမှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ကချင်နယ်လှည့်ကျန်းမာရေးအဖွဲ့ (Kachin BackPack) မှာ မြင့်တက်လာတဲ့ကုန်စျေးနှုန်းနဲ့ အလှူငွေ အခက်အခဲကြောင့် ဆေးဝါးတွေ ပြတ်လတ်နေတယ်လို့ Kachin BackPack အဖွဲ့က ဇူလိုင်လ ၇ ရက်နေ့မှာ RFA ကိုပြောပါတယ်။
လက်ရှိမှာ မိုးရာသီဖြစ်တာကြောင့် ဒေသခံအများစုမှာ တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ တွေ အဖြစ်များနေပေမယ့် ကုသပေးဖို့ ဆေးဝါးတွေ မလုံလောက်ဘူးလို့ Kachin BackPack တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။
"တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးတွေ အများကြီးဖြစ်နေကြတာ ဟုတ်တယ်။ ဝမ်းရောဂါသမားတွေ လာပြကြတယ်။ ကျွန်တော်တို့ဘက်က ဓာတ်ဆားရည်ပေးဖို့ ဆေးပြတ်နေတယ်။ ဘာမှမပေးလိုက်နိုင်ဘူးပေါ့၊ အဲဒီလိုဖြစ်နေတာ။ အဓိကကတော့ ကုန်ဈေးနှုန်းကြောင့် ဈေးက အရမ်းတက်တော့ ပစ္စည်းလည်း ဝယ်မစုနိုင်၊ အလှူရှင်လည်း တအားကိုနည်းနေတယ်"
ဒီအဖွဲ့ဟာ အစိုးရကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ရှင်ဗွေယန်၊ အင်ဂျန်းယန် စတဲ့ တောင်ပေါ် ဒေသတွေကို အဓိကထားပြီး တစ်လတစ်ကြိမ် နယ်လှည့် ဆေးကုသပေးနေတာလို့ ဆိုပါတယ်။
သွားရေးလာရေးခက်ခဲတဲ့ အင်ဂျန်းယန်ဒေသမှာဆိုရင် အရင်က ဆေးဝါးပစ္စည်းတွေကို သယ်ယူစရိတ် ကျပ်တစ်သိန်းကျော် ကုန်ကျခဲ့ပေမယ့် အခုနောက်ပိုင်း လမ်းခရီး အခက်အခဲကြောင့် လေးသိန်းနီးပါး ကုန်ကျစရိတ် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်ရဲ့ တောင်ပေါ်ဒေသတွေမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်မှုတွေလည်းရှိပြီး အာဏာသိမ်းကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလည်း အရင်ထက် အားနည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Kachin BackPack အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တည်းက ကချင်လူငယ်တွေ၊ ဆေးဝါးပညာရှင်နဲ့ ဆရာဝန် တချို့ပူးပေါင်းကာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ဆေးကုသနိုင်ဖို့ ရည်ရွယ်စုဖွဲ့ခဲ့တာလို့ Kachin BackPack အဖွဲ့ဝင်တွေက ပြောပါတယ်။