မြန်မာ့ကျွန်းသစ်မှောင်ခို တားဆီးဖို့ အမေရိကန်အစိုးရကို Justice for Myanmar တိုက်တွန်း
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး၊ မြန်မာ့ ကျွန်းသစ် တန်ချိန် ၁၆၀၀ နီးပါး၊ အမေရိကန်ကုမ္ပဏီတွေက တင်သွင်းခဲ့ကြပါတယ်။
- 2022-01-11
-
-
-
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး၊ မြန်မာ့ကျွန်းသစ် တန်ချိန် ၁၆၀၀ နီးပါး၊ အမေရိကန်ကုမ္ပဏီတွေက တင်သွင်းခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှုနဲ့အတူ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားငွေ ထိန်းချုပ်ရေးရုံး ( OFAC ) က၊ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ နိုင်ငံတွင်း သစ်အရောင်းအဝယ်၊ ပြည်ပကို တင်ပို့မယ့် သစ်လေလံတွေ စီစဉ်ဆောင်ရွက်နေတဲ့၊ နိုင်ငံပိုင် မြန်မာ့သစ် လုပ်ငန်း (MTE) ကိုလည်း ပိတ်ဆို့လိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာ့သစ်လုပ်ငန်းက တစ်ဆင့်၊ အကျိုးအမြတ်တွေ ရရှိနေ တာပါ။ ပြည်တွင်း သစ်အရောင်းအဝယ်၊ ပြည်ပ တင်ပို့မယ့် သစ်လေလံတွေကနေ အခွန်အခ မျိုးစုံကနေ ရရှိတဲ့ ဝင်ငွေတွေကို အသုံးချပြီး၊ ပြည်သူလူထုကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး၊ လက်နက်မဲ့ အရပ်ဘက်ပြည်သူ ၁၄၀၀ ကျော်ကို၊ စစ်တပ်က သတ်ဖြတ်ခဲ့ပြီး၊ တစ်သောင်းတစ်ထောင် ဝန်းကျင်ကို ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ်၊ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပေမယ့်၊ အမေရိကန် စီးပွားရေး လုပ်ငန်းတွေဟာ၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကနေ ၊ နိုဝင်ဘာလကုန်အထိ၊ မြန်မာနိုင်ငံက သစ်မာတွေကို ဆက်လက်တင်သွင်းနေခဲ့ကြကြောင်း နယူးယောက်အခြေစိုက် Panjiva ကမ္ဘာ့ ကုန်သွယ်ရေး အချက်အလက် ဆိုင်ရာ ကုမ္ပဏီက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ၊ နိုဝင်ဘာ ၃၀ ရက်နေ့အတွင်း၊ လမ်းကြောင်းအမျိုးမျိုးကနေ၊ သစ်တင်သွင်းမှု ၈၂ ကြိမ်ရှိခဲ့ပြီး၊ သင်္ဘောတည်ဆောက်ရေးနဲ့ ကျွန်းသစ်နဲ့ ပရိဘောဂ ဆောက်လုပ်ရာမှာ သုံးစွဲတဲ့ သစ်မာပြားတွေ အများအပြား ပါဝင်ပါတယ်။
အမေရိကန် သစ်မာဈေးကွက်မှာ လက္ကား အရောင်းဆိုင်ကြီးတွေနဲ့ ပရိဘောဂ ဆိုင်ကြီးတွေဖြစ်တဲ့ East Teak Fine Hardwoods, J. Gibson McIlvain, Kingsley Bate Warehouse, Lumberbest, World Panel Products ဆိုင်တွေဟာ ထင်ရှားပါတယ်။
အချက်အလက်တွေအရ အဲဒီကုမ္ပဏီတွေဟာ ပိတ်ဆို့အရေးယူခံရမှာကို တိမ်းရှောင်တဲ့အနေနဲ့ မြန်မာ့သစ် လုပ်ငန်း (MTE) နဲ့ တိုက်ရိုက် မဆက်သွယ်ကြဘဲ၊ ကြားခံ အဆက်အသွယ်တွေကနေတစ်ဆင့်သာ ဆက်ဆံ နေကြတာ ဖြစ်ပါတယ်။
အမေရိကန်ပို့ကုန်တွေနဲ့ ပတ်သက်ပြီး၊ အဲဒီကြားခံ အဆက်အသွယ်တွေရဲ့ အသေးစိတ်အချက်အလက်တွေသာ ဒီအစီရင်ခံစာမှာ ပါဝင်ဖွယ်ရှိပြီး၊ တရားမဝင် ဖြစ်ဖွယ်ရှိတဲ့ ပို့ကုန်တွေကတော့ အမေရိကန် အာဏာပိုင်တွေရဲ့ ရေဒါအောက်နေ ဖြတ်သန်းနေကြပါတယ်။
မြန်မာ့သစ်လုပ်ငန်းအပေါ် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားတာတွေကြောင့်၊ ငွေကြေး၊ ပစ္စည်း၊ ဝန်ဆောင်မှု ပေးတာတွေ တားဆီးနိုင်ဖွယ် ရှိပါတယ်။
ပိတ်ဆို့မှုတွေက မြန်မာ့သစ်လုပ်ငန်း MTE နဲ့ ကုန်သွယ်တာကို တားဆီးဖို့ ရည်ရွယ်တာဆိုရင်၊ မြန်မာ့သစ် တင်ပို့မှုဟာ၊ မူလအားဖြင့် MTE က လေလံတင်ရောင်းချတာဖြစ်ပြီး၊ ပြည်ပကို တရားဝင် သစ်တင်ပို့သူ ဘယ်သူပဲဖြစ်ဖြစ်၊ စစ်ကောင်စီက ငွေကြေးတွေ ရရှိနေမှာ ဖြစ်ပါတယ်။
အမေရိကန် ကုမ္ပဏီတွေနဲ့ မြန်မာ့သစ်လုပ်ငန်း MTE ကြားက၊ အဲဒီ တစ်ဆင့်ခံ ကုန်သွယ်ရေးဟာ၊ ဒီလို အခြေအနေမှာ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားငွေ ထိန်းချုပ်ရေးရုံး ( OFAC ) ထံက ပြစ်ဒဏ်ဘောတွေ ရရှိမှာ မဟုတ်ပေမယ့်၊ တစ်စုံတစ်ရာ ချက်ချင်းလက်ငင်း ဆောင်ရွက်ဖို့တော့ လိုအပ် နေပါတယ်။
Justice For Myanmar ရဲ့ ပြောခွင့်ရသူ ဒေါ်ရတနာမောင် ကလည်း - ထိထိရောက်ရောက်ဖြစ်ဖို့၊ ပိတ်ဆို့ အရေးယူတာတွေ ဆောင်ရွက်ရပါမယ်၊ မြန်မာ့သစ်လုပ်ငန်းကို ပိတ်ဆို့ အရေးယူခဲ့ပြီးတဲ့နောက်၊ အမေရိကန် ကို တင်ပို့နေတဲ့အပေါ်၊ စုံစမ်းစစ်ဆေးဖို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားငွေ ထိန်းချုပ်ရေးရုံး (OFAC) ကိုလည်း တိုက်တွန်းထားပါတယ်၊ အမေရိကန်အစိုးရကိုလည်း မြန်မာ့သစ် တင်ပို့မှုအားလုံး တားဆီး ပိတ်ပင်ပေးဖို့၊ သစ်တင်ပို့မှုက ရရှိတဲ့ ငွေကြေးတွေ၊ တရားမဝင် စစ်ကောင်စီ ထံ မရောက်ရှိစေဖို့၊ ကလေး သူငယ်တွေ သတ်ဖြတ်ခံနေရတာ အပါအဝင်၊ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ပြီး၊ လွတ်မြောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့၊ မြန်မာနိုင်ငံအတွင်း စစ်တပ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့၊ တရားမဝင် စစ်ကောင်စီထံ ဘဏ္ဍာရေး စီးဆင်းနေမှုကို အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံအများက၊ တားဆီးဖို့၊ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး၊ ဖက်ဒရယ် ဒီမိုကရေစီကို ထူထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။