စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှုတချို့ တားဆီးနိုင်ခဲ့ကြောင်း ကုလကိုယ်စားလှယ်ပြော
စစ်ကောင်စီကို လေယာဉ်ဆီ အဓိကတင်ပို့ရောင်းချနေတဲ့ ဗီယက်နမ်နိုင်ငံကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းသွားမယ်လို့လည်း တွမ်အင်ရူးက ပြောခဲ့ပါတယ်။
-
RFA Burmese
2024-10-11 -
-
-
စစ်ကောင်စီကို လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတချို့ တားဆီးလျှော့ချနိုင်ခဲ့ပြီး စင်ကာပူနိုင်ငံက စစ်ကောင်စီကို ပံ့ပိုးနေမှု ကိုးဆယ်ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က ပြောလိုက်ပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့က ဩစတြေးလျနိုင်ငံ ကင်ဘရာမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဗဟန်းထန် အပါအဝင် ဩစတြေးလျဆိုင်ရာ NUG ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်မှာ တွမ်အင်ဒရူးက ပြောခဲ့တာလို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကို လေယာဉ်ဆီ အဓိကတင်ပို့ရောင်းချနေတဲ့ ဗီယက်နမ်နိုင်ငံကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းသွားမယ်လို့လည်း တွမ်အင်ရူးက ပြောခဲ့ပါတယ်။
စစ်ကောင်စီကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကတစ်ဆင့် အရေးယူဆောင်ရွက်ပေးဖို့ ဩစတြေးလျအစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး အာဏာရှင်စနစ်တည်မြဲရေးအတွက် လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ လိုအပ်ကြောင်း၊ စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို အသေးစိတ်စုံစမ်း ဖိအားပေးအရေးယူသွားမယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့အရေးအပေါ် တရုတ်အစိုးရစွက်ဖက်မှုကိုလည်း ကန့်ကွက်ကြောင်းနဲ့ ဂျပန်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ် သံတမန်ဆက်ဆံရေးလျှော့ချနိုင်အောင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တိုက်တွန်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
မစ္စတာ တွမ်အင်ဒရူးဟာ မြန်မာ့အရေးဆွေးနွေးဖို့ ဩစတြေးလျနိုင်ငံကို အောက်တိုဘာလ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတာပါ။ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့ကို သွားရောက်ပြီး ကျွမ်းကျင်သူတွေ၊ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ကူညီနေတဲ့ လူသားချင်းစာနာရေးဆိုင်ရာနဲ့ ဒုက္ခသည်ရေးရာ အဖွဲ့အစည်းတွေ၊ မြန်မာနဲ့ အာဆီယံအရေးဆောင်ရွက်ပေးနေတဲ့ သြစတြေးလျ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။