ပဋိပက္ခတွေရပ်အောင် ပြည်သူပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီပြော

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ လူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီထုတ်ပြန်ချက်မှာ ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Screenshot: MRTV Video

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းကတိုင် လက်နက်ကိုင် ပဋိပက္ခများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခများ အမြန် ချုပ်ငြိမ်းဖို့ ဆိုတာသည် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ပါဝင်မှု အရေးကြီးပါတယ်"

တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကောင်စီတပ်ဟာ မြို့တချို့ကို လက်လွှတ်ဆုံးရှုံးထားရပြီး တပ်ရင်းအလိုက် လက်နက်ချသွားသူတွေရှိနေ ချိန်မှာ အခုလိုပြောလာတာပါ။

စစ်ကောင်စီအပေါ် ပြည်သူတွေက နာကြည်းမှုတွေ ရှိနေတာမို့ ပူးပေါင်းဖို့ မဖြစ်နိုင်ဘူးလို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

"ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ကန်တော့လို့မရတော့ဘူး။ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူး။ ပြည်သူတွေ ရင်ထဲမှာ ဘာနဲ့ဖြေဖြေ မပြေနိုင်တဲ့ နာကြည်းမှုတွေရှိနေပြီ"

နိုင်ငံရဲ့ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း စစ်ကောင်စီ ပြောခွင့်ရက တောင်းဆို ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလှုပ်ရှားသူတွေကို စစ်ကောင်စီဟာ ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီကနေ အရပ်သားတွေရဲ့ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှုတွေဟာ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွား နေပါတယ်။

လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ စစ်ကိုင်းတိုင်းက ကောလင်း၊ ရွှေပြည်အေး၊ ခါမ်းပါတ်၊ ချင်းပြည်နယ်က ရေဇွာ၊ ရိခေါ်ဒါရ်၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ နှာရိန်၊ ဆူရ်ခွား၊ ဝေဘူလ စတဲ့မြို့တွေအပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း မြို့တချို့ကို သိမ်းယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org