စစ်ဗိုလ်ချုပ်နှစ်ဦးကို ထုတ်ပယ်ပြီးနောက် စစ်ကောင်စီဟာ စံပြဖြစ်ဖို့လိုကြောင်း စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီဟာ နိုင်ငံရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တာကြောင့် စံပြဖြစ်ဖို့လိုတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက် နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် တွေ့ရစဉ်။ Myanmar Military

စစ်ကောင်စီဟာ နိုင်ငံရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တာကြောင့် စံပြဖြစ်ဖို့လိုတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။

စစ်ကောင်စီထဲကနေ စစ်ဘက်ထိပ်တန်းအရာရှိကြီးနှစ်ဦးကို ထုတ်ပယ်လိုက်ပြီး သုံးရက်အကြာမှာ ပြုလုပ်တဲ့ ပြင်ဆင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီရဲ့  အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။

အစည်းအဝေးမှာ စားသုံးဆီအပါအဝင် ကုန်စျေးနှုန်းမြင့်တင်ရောင်းချသူတွေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက် သွားမယ့်အကြောင်းကိုလည်း စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တင်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ထဲကနေ ထုတ်ပယ်ခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့  စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်ပြီး ဒုဝန်ကြီး ဦးညွန့်အောင်ကိုတော့ ရာထူးကနေ အနားပေးခဲ့ပါတယ်။

ဒါတွေဟာ ပို့ကုန်သွင်းကုန်ကိစ္စတွေ၊ ဒေါ်လာဈေးမြင့်တက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ဆေးပြီးနောက် အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေအထိ အရေးယူထုတ်ပယ်မှုတွေ လုပ်လာတာကို မြင်တွေ့ရတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီထဲမှာ စစ်ဗိုလ်ချုပ် အပြောင်းအလဲတွေ လုပ်နေပေမယ့် အကျင့်ပျက်ခြစားတာတွေ ပျောက်သွားမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“အခုက လူစားထိုး ပြောင်းလဲကျင့်သုံးလိုက်လို့လည်း စစ်ကောင်စီထဲက ဒီလိုမသမာမှုတွေ၊ အကျင့်ပျက်ခြစားမှု တွေ ပျောက်သွားမှာ မဟုတ်ပါဘူး”

အခု ထုတ်ပယ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်ကောင်စီအဖွဲ့ စတင်ဖွဲ့စည်း ချိန်မှာ အဆင့် နံပါတ် ၇ နေရာ ရှိခဲ့ပြီး၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ လူယုံလူရင်းတစ်ဦး ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့  နံပါတ် (၈) နေရာမှာရှိခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကတော့ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး တာဝန်တွေထမ်းဆောင်ခဲ့သလို စစ်တပ်ထဲမှာလည်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အထိ တာဝန်ယူခဲ့သူပါ။

သူတို့ကို ရာထူးတာဝန်တွေကနေ အနားပေးတာ၊ အဖွဲ့ထဲကနေ အပြီးထုတ်ပယ်တာတွေ ဟာ  အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအပေါ် ပထမဆုံးနဲ့ အကြီးဆုံးအရေးယူမှုဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org