နိုင်ငံတည်ငြိမ်မှ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ စစ်ခေါင်းဆောင်ပြော
ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုလည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။
-
RFA Burmese
2025-02-20 -
-
-
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်တွေအတိုင်း ဆက်လက်အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဆွေးနွေးခဲ့သလို ဆက်လက်ဆွေးနွေးဖို့ ကမ်းလှမ်းပြီး ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုလည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။
နိုင်ငံတည်ငြိမ်အေးချမ်းမှ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ပြောဆိုချက်ဟာ လက်ရှိအခြေအနေမှာ ရွေးကောက်ကျင်းပနိုင်ခြေမရှိသေးဘူးဆိုတာ ဝန်ခံရာရောက်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“နိုင်ငံတည်ငြိမ်အေးချမ်းဖို့ဆိုရင် စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေ တစ်ဖက်ဖက်က အပြတ်အသတ် အနိုင်ရသွားမှသာ တည်ငြိမ်အေးချမ်းမှာ။ အဲဒီအခြေအနေကလည်း ဘယ်တော့ရောက်မယ် ဆိုတာ မသိနိုင်ဘူး”
အာဏာသိမ်းကာလ လေးနှစ်ပြည့်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အရေးပေါ်ကာလ ကို နောက်ထပ် ခြောက်လ သက်တမ်းတိုးခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲများ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ကန့်ကွက်ထားပါတယ်။