ပြဿနာအနည်းငယ်ကိုသာ စစ်ကောင်စီ ဖြေရှင်းပေးနိုင်ကြောင်း အလုပ်သမားတွေပြော

ရန်ကုန်တိုင်းမှာ ၂၀၂၃ ခုနှစ်၊ ကိုးလအတွင်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ၁၅၀ ဖြေရှင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောပေမယ့် ဒါဟာ လက်တွေ့ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ငါးပုံတစ်ပုံခန့် သာရှိတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်းမှာ ၂၀၂၃ ခုနှစ်၊ ကိုးလအတွင်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ၁၅၀ ဖြေရှင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောပေမယ့် ဒါဟာ လက်တွေ့ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ငါးပုံတစ်ပုံခန့် သာရှိတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ကိုကိုးကျွန်းကလွဲပြီး မြို့နယ် ၄၄ မြို့နယ်မှာ အခုနှစ် ကိုးလအတွင်း အငြင်းပွားမှု ၁၅၀ ဖြေရှင်းပေးထားနိုင်တယ် လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက အောက်တိုဘာလ ၁၄ ရက် ကုန်သည်စက်မှုအသင်းချုပ် မှာ ပြုလုပ်ခဲ့တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ ပြောခဲ့တာပါ။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ အမှုပေါင်း ၁၅၀ ကို ဖြေရှင်းပေးခဲ့တဲ့အတွက် ကျပ်သန်း ပေါင်း ၁၄၈ ဒသမ ၃ သန်း၊ ကန်ဒေါ်လာ ငါးသောင်းနီးပါး (၄၈,၀၀၀) နဲ့ အလုပ်သမားဦးရေ ၃၆၃ ဦးကို ခံစားခွင့် ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုသူရိန်အောင်ကတော့ စစ်ကောင်စီဘက်က ဖြေရှင်းပေးထားတယ်ဆိုတာ မြေပြင်မှာဖြစ်နေတဲ့ ပြဿနာရဲ့ ငါးပုံတစ်ပုံသာရှိပြီး အဖြစ်များတာ တရုတ်စက်ရုံတွေလို့ RFA ကို ပြောပါတယ်။

“ချိုးဖောက်တာ အများဆုံးကတော့ အတိအကျမသိနိုင်သေးပေမယ့် ဒီမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးက တရုတ်၊ ပြီးရင် ကိုရီးယား။ အချိုးအစားကလည်းကွာတယ်။ တရုတ်ကုမ္ပဏီ သုံးရာလောက်ရှိရင် ကိုရီးယားက ခြောက်ဆယ် လောက်ပဲရှိတယ်။ အဲတော့ ရင်းနှီးမြှုပ်နှံမှုများတဲ့ တရုတ်လုပ်ငန်းတွေမှာ ချိုးဖောက်မှုတွေပို ဖြစ်တာပေါ့။ သူတို့ဖြေရှင်းထားတဲ့ အငြင်းပွားတဲ့အမှုက စက်တင်ဘာလထိပဲ ပြောထားတာ။ ကျွန်တော်တို့ ဖြေရှင်းထားတဲ့ မှတ်တမ်းဆိုရင် ရှေ့ခြောက်လမှာပဲ ဖြေရှင်းပေးနိုင်ခဲ့တာ ၁၂၀ ကျော်လောက်ရှိတယ်။ အဲဒါ လုံးဝ ရုံးမရောက်တဲ့ အမှုအများစုနော်”

လုံခြုံရေးအခြေအနေရ မြေပြင်မှာဖြစ်နတဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာ စာရင်းအတိအကျ အသေးစိတ်ကိုတော့ မသိရနိုင်သေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ အလုပ်သမားတွေကို ကူညီမယ့်သူရှားပါးနေပြီး အလုပ်ရှင်တွေဘက်က အာဏာပိုင်တွေကို တိုင်မယ်၊ အဖမ်းခံရမယ် စသဖြင့် ခြိမ်းခြောက်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိ အငြင်းပွားမှုဖြစ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားပြဿနာအများစုဟာ အထည်ချုပ်စက်ရုံတွေမှာ ပိုများပြီး အချိန်ပိုနဲ့ ပတ်သက်တဲ့ပြဿနာ၊ အလုပ်သမားတွေကို အကြောင်းပြအလုပ်ထုတ်တာနဲ့ စက်ရုံပိတ်သိမ်းမှု နောက်ဆက်တွဲ ပြဿနာတွေဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းကလည်း ရွှေပြည်သာမြို့နယ်က တရုတ်နိုင်ငံသားပိုင် ဟွန်မြောင် (Hong Miao Garment) အထည်ချုပ်စက်ရုံ အလုပ်သမား ၂၅၀ ကျော်ဟာ စက်ရုံပိတ်သိမ်းမှု၊ အလုပ်ရပ်စဲမှုနဲ့ နစ်နာကြေး အပြည့်အဝမရရှိတာကြောင့် အထည်ချုပ်စက်ရုံထဲမှာပဲ ခုနစ်ညအိပ် ရှစ်ရက် တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ရွှေပြည်သာအထွေထွေအုပ်ချုပ်ရေးရုံးမှာ အလုပ်ရှင်၊ အလုပ်သမား သုံးနာရီကြာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး တောင်းဆိုချက်တွေမရတာကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ကို တိုင်ကြားသွားဖို့ လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

ILO ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉ ဒသမ ၅ ရာခိုင်နှုန်းသာ နစ်နာကြေးရရှိကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေကတော့ အမျိုးသားတွေနဲ့ ဝါရင့်အလုပ်သမားတွေထက် နစ်နာကြေးရတာ ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံ ခုနစ်ထောင်ကျော် (၇၂၆၈ ရုံ) နဲ့ အလုပ်သမားခုနစ်သိန်းနီးပါး ရှိတယ်လို့ အောက်တိုဘာလ ၁၄ ရက်က ကုန်သည်စက်မှုအသင်းချုပ်မှာပြုလုပ်တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org